ဥဒါန်းပါဠိတော်

၃-ယသောဇသုတ်

၂၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ယသောဇအမှူး ရှိသော ရဟန်းငါးရာတို့သည် သာဝတ္ထိပြည်သို့ မြတ်စွာဘုရားကို ဖူးမျှော်ရန် ရောက်လာကုန်၏။ ထို အာဂန္တုရဟန်းတို့သည် ကျောင်းနေရဟန်းတို့နှင့်အတူ အတုံ့အပြန် ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ကြလျက် အိပ်ရာနေရာတို့ကို ခင်းစေကြပြီးလျှင် သပိတ်သင်္ကန်းတို့ကို သိုမှီးသိမ်းဆည်းကြလျက် ဆူညံသော အသံ ကျယ်သော အသံ ရှိကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို ''အာနန္ဒာ ငါးလုရာ၌ တံငါသည်တို့ကဲ့သို့ ထိုဆူညံသော အသံ ကျယ်လောင်သော အသံရှိသော ထိုသူတို့ကား အဘယ်သူတို့နည်း''ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား သာဝတ္ထိပြည်သို့ မြတ်စွာဘုရားကို ဖူးမျှော်ရန် ရောက်လာသော ယသောဇအမှူးရှိသော ရဟန်းငါးရာတို့ပါတည်း။ ထိုအာဂန္တုရဟန်းတို့သည် ကျောင်းနေရဟန်းတို့နှင့်အတူ အတုံ့အပြန် ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ကြလျက် အိပ်ရာနေရာတို့ကို ခင်းစေကြပြီးလျှင် သပိတ်သင်္ကန်းတို့ကို သိုမှီးသိမ်းဆည်းကြလျက် ဆူညံသော အသံ ကျယ်လောင်သော အသံ ရှိကြပါကုန်၏ဟု (လျှောက်၏)။ အာနန္ဒာသို့ ဖြစ်လျှင် ငါဘုရား၏ စကားတော်ဖြင့် ထိုရဟန်းတို့ကို ''အသျှင်ဘုရားတို့ကို မြတ်စွာဘုရား ခေါ်တော်မူ၏''ဟု ပြောဆိုလော့ဟု (မိန့်တော်မူ၏)။

''အသျှင်ဘုရား ကောင်းပါပြီ''ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ (စကားကို) ဝန်ခံ၍ ထိုရဟန်းတို့ထံသို့ ချဉ်းကပ်ပြီးလျှင် ထိုရဟန်းတို့ကို ''အသျှင်ဘုရားတို့ကို မြတ်စွာဘုရား ခေါ်တော်မူ၏''ဟု (လျှောက်၏)။ ''ငါ့သျှင် ကောင်းပါပြီ''ဟု ထိုရဟန်းတို့သည် အသျှင်အာနန္ဒာ၏ စကားကို ဝန်ခံ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေကုန်၏။ တစ်ခုသောအရပ်၌ နေကုန်သော ထိုရဟန်းတို့ကို မြတ်စွာဘုရားသည်-

ရဟန်းတို့ သင်တို့သည် အဘယ့်ကြောင့် တံငါသည်တို့ကဲ့သို့ ဆူညံသော အသံ ကျယ်လောင်သောအသံ ရှိကုန်သနည်းဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူသော် အသျှင်ယသောဇသည် မြတ်စွာဘုရားကို ''အသျှင်ဘုရား ဤရဟန်းငါးရာတို့သည်သာဝတ္ထိပြည်သို့ မြတ်စွာဘုရားကို ဖူးမျှော်ရန် ရောက်လာကုန်၏။ ထိုအာဂန္တုရဟန်းတို့သည် ကျောင်းနေရဟန်း တို့နှင့်အတူ အတုံ့အပြန် ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ကြလျက် အိပ်ရာနေရာတို့ကို ခင်းစေကြပြီးလျှင် သပိတ်သင်္ကန်းတို့ကို သိုမှီးသိမ်းဆည်းကြလျက် ဆူညံသော အသံ ကျယ်လောင်သော အသံ ရှိကြပါကုန်၏''ဟု လျှောက်၏။ ရဟန်းတို့သွားကြကုန်လော့၊ သင်တို့ကို ငါနှင်၏။ ''သင်တို့သည် ငါ့အထံ၌ မနေရ''ဟု (မိန့်တော်မူ၏)။

''အသျှင်ဘုရား ကောင်းပါပြီ''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ (စကားကို) ဝန်ခံ၍ နေရာမှထပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုကာ အိပ်ရာနေရာကို သိုမှီးသိမ်းဆည်း၍ သပိတ်သင်္ကန်းကို ယူဆောင်ပြီးလျှင် ဝဇ္ဇိတိုင်းသို့ ဒေသစာရီ ကြွကြကုန်၏။ ဝဇ္ဇိတိုင်းတို့၌ အစဉ်အတိုင်းဒေသစာရီ လှည့်လည်ကြသော် ဝဂ္ဂုမုဒါမြစ်သို့ ရောက်၍ ဝဂ္ဂုမုဒါမြစ်ကမ်းနား၌ သစ်ရွက်မိုးကျောင်းတို့ကို ဆောက်လျက် ဝါဆိုကြကုန်၏။

ထိုအခါ အသျှင်ယသောဇသည် ဝါဆိုသော ရဟန်းတို့ကို ''ငါ့သျှင်တို့ အကျိုးစီးပွါးကို လိုလား၍ သနားတော်မူတတ်သော မြတ်စွာဘုရားသည် သနားတော်မူခြင်းကြောင့် ငါ့တို့ကို နှင်ထုတ်အပ်ကုန်၏။ ငါ့သျှင်တို့ မြတ်စွာဘုရား နှစ်သက်တော်မူသည့်အတိုင်း ငါတို့နေကြကုန်အံ့''ဟု (မိန့်ဆို၏)။ ''ငါ့သျှင်ကောင်းပါပြီ''ဟု ထိုရဟန်းတို့သည် အသျှင်ယသောဇ၏ စကားကို ဝန်ခံ၏။ ထို့နောက် ထိုရဟန်းတို့သည် ဆိတ်ငြိမ်ရာသို့ ကပ်၍ မမေ့မလျော့ ပြင်းထန်သော ဝီရိယရှိသည်ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသည်ဖြစ်၍ နေကြကုန်သော် ထိုဝါတွင်း၌ပင် အလုံးစုံသော ရဟန်းတို့သည် ဝိဇ္ဇာသုံးပါးတို့ကို မျက်မှောက်ပြုကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ အလိုတော်ရှိသရွေ့ နေပြီးလျှင် ဝေသာလီပြည်သို့ ဖဲကြွတော်မူ၏။ အစဉ်အားဖြင့် ဒေသစာရီလှည့်လည်တော်မူသည်ရှိသော် ဝေသာလီပြည်သို့ ဆိုက်ရောက်တော်မူ၏။ မြတ်စွာဘုရားသည် ထိုဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်း၌ နေတော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် ဝဂ္ဂုမုဒါမြစ်ကမ်းနား၌ နေကုန်သော ရဟန်းတို့၏ စိတ်ကို (မိမိ) စိတ်ဖြင့် ပိုင်းခြားသိ၍ အသျှင်အာနန္ဒာကို မိန့်တော်မူ၏ ''အာနန္ဒာ ရဟန်းတို့နေသော ဝဂ္ဂုမုဒါ မြစ်ကမ်းနားအရပ်သည် အလင်းရောင်ကဲ့သို့ ငါဘုရားအား ထင်၏။ ငါဘုရားသွားရန် နှလုံးသွင်းရန် နှစ်သက်တော်မူ၏။ အာနန္ဒာ သင်သည် ဝဂ္ဂုမုဒါမြစ်ကမ်းနား၌ နေကုန်သော ရဟန်းတို့၏အထံသို့ 'အသျှင်ဘုရားတို့ကို မြတ်စွာဘုရား ခေါ်တော်မူ၏။ မြတ်စွာဘုရားသည် အသျှင်ဘုရားတို့ကို ရှုမြင်ခြင်းငှါ အလိုရှိ၏'ဟု တမန် စေလွှတ်လော့''ဟု (မိန့်တော်မူ၏)။

''အသျှင်ဘုရား ကောင်းပါပြီ''ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ (စကားကို) ဝန်ခံ၍ ရဟန်းတစ်ပါးထံသို့ ချဉ်းကပ်ပြီးလျှင် ထိုရဟန်းကို ဤသို့ မိန့်ဆို၏ ''ငါ့သျှင် လာလော့၊ ဝဂ္ဂုမုဒါမြစ်ကမ်းနား၌ နေကုန်သော ရဟန်းတို့သို့ ချဉ်းကပ်၍ ဤသို့ ဆိုလော့ 'ငါ့သျှင်တို့ကို မြတ်စွာဘုရား ခေါ်တော်မူ၏။ မြတ်စွာဘုရားသည် ငါ့သျှင်တို့ကို ရှုမြင်ခြင်းငှါ အလိုရှိ၏'ဟု ဤသို့ ပြောလော့''ဟု (မိန့်ဆို၏)။

''ငါ့သျှင် ကောင်းပါပြီ''ဟု ထိုရဟန်းသည် အသျှင်အာနန္ဒာ၏ (စကားကို) ဝန်ခံ၍ အားရှိသော ယောကျာ်းသည် ကွေးသောလက်ကို ဆန့်တန်းသကဲ့သို့လည်းကောင်း၊ ဆန့်တန်းသောလက်ကို ကွေးသကဲ့သို့လည်းကောင်း ဤအတူ မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းမှ ကွယ်ခဲ့၍ ဝဂ္ဂုမုဒါမြစ်ကမ်းနား ထိုရဟန်းတို့၏ ရှေ့၌ ထင်ရှားဖြစ်၏။ ထို့နောက် ထိုရဟန်းသည် ဝဂ္ဂုမုဒါမြစ်ကမ်းနား၌ နေကုန်သော ရဟန်းတို့ကို ''အသျှင်ဘုရားတို့ကို မြတ်စွာဘုရား ခေါ်တော်မူ၏။ မြတ်စွာဘုရားသည် အသျှင်ဘုရားတို့အား တွေ့လို၏''ဟု ပြောဆို၏။

''ငါ့သျှင် ကောင်းပါပြီ''ဟု ထိုရဟန်းတို့သည် ထိုရဟန်း၏ (စကားကို) ဝန်ခံ၍ ကျောင်းအိပ်ရာနေရာတို့ကို သိုမှီးသိမ်းဆည်း၍ သပိတ်သင်္ကန်းတို့ကို ယူဆောင်လျက်အားရှိသော ယောကျာ်းသည် ကွေးသောလက်ကို ဆန့်တန်းသကဲ့သို့လည်းကောင်း၊ ဆန့်တန်းသောလက်ကို ကွေးသကဲ့သို့လည်းကောင်း ဤအတူသာလျှင် ဝဂ္ဂုမုဒါမြစ်ကမ်းနားမှ ကွယ်ခဲ့၍ မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သောကျောင်း မြတ်စွာဘုရား၏ မျက်မှောက်တော်၌ ထင်ရှားဖြစ်ကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် မတုန်မလှုပ်သော အရဟတ္တဖိုလ်သမာဓိဖြင့် နေတော်မူ၏။ ထိုအခါ ထိုရဟန်းတို့အား ''မြတ်စွာဘုရားသည် ယခုအခါ အဘယ်နေခြင်းဖြင့် နေတော်မူသနည်း''ဟု ဤအကြံသည် ဖြစ်၏။ ထိုအခါ ထိုရဟန်းတို့အား ''မြတ်စွာဘုရားသည် မတုန်မလှုပ်သော အရဟတ္တဖိုလ်သမာဓိဖြင့် နေတော်မူ၏''ဟု ကြံပြီးသော် အလုံးစုံသော ရဟန်းတို့သည် မတုန်မလှုပ်သော အရဟတ္တဖိုလ်သမာဓိဖြင့် နေကုန်၏။ ထိုအခါ အသျှင်အာနန္ဒာသည် ညဉ့်၏ ပဌမယာမ် လွန်လတ်သော် နေရာမှထလျက် လက်ဝဲတစ်ဖက် ပခုံးထက်၌ သင်္ကန်းကို တင်၍ မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီပြီးလျှင် မြတ်စွာဘုရားအား ဤသို့ လျှောက်၏။ ''အသျှင်ဘုရား ညဉ့်၏ ပဌမယာမ် လွန်ပါပြီ။ အာဂန္တုရဟန်းတို့ ထိုင်နေရသည်မှာ ကြာပါပြီ။ အသျှင်ဘုရား မြတ်စွာဘုရားသည် အာဂန္တုရဟန်းတို့နှင့် အတုံ့အပြန် ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်တော် မူပါ''ဟု လျှောက်၏။ ဤသို့ လျှောက်သော် မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေတော်မူ၏။

နှစ်ကြိမ်မြောက်လည်း အသျှင်အာနန္ဒာသည် ညဉ့်၏ မဇ္ဈိမယာမ် လွန်လတ်သော် နေရာမှထလျက် လက်ဝဲတစ်ဖက် ပခုံးထက်၌ သင်္ကန်းကို တင်၍ မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီပြီးလျှင် မြတ်စွာဘုရားအား ဤသို့ လျှောက်၏။ ''အသျှင်ဘုရား ညဉ့်၏ မဇ္ဈိမယာမ် လွန်ပါပြီ။ အာဂန္တုရဟန်းတို့သည် ထိုင်နေရသည်မှာ ကြာပါပြီ။ အသျှင်ဘုရား မြတ်စွာဘုရားသည် အာဂန္တုရဟန်းတို့နှင့် အတုံ့အပြန် ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်တော် မူပါ''ဟု လျှောက်၏။ နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေတော်မူ၏။

သုံးကြိမ်မြောက်လည်း အသျှင်အာနန္ဒာသည် ညဉ့်၏ ပစ္ဆိမယာမ် လွန်၍ နှစ်သက်ဖွယ် မျက်နှာကဲ့သို့ အရုဏ်တက်လတ်သော် နေရာမှထ၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ သင်္ကန်းကို တင်ပြီးလျှင် မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီလျက် မြတ်စွာဘုရားအား ဤသို့ လျှောက်၏။ ''အသျှင်ဘုရား အလွန်နှစ်သက်ဖွယ်ရှိသော ညဉ့်၏ ပစ္ဆိမယာမ် လွန်ပါပြီ။ အရုဏ်တက်ပါပြီ။ ညဉ့်သည် နှစ်သက်ဖွယ်ရှိသော မျက်နှာကဲ့သို့ ရှိပါပြီ။ အာဂန္တုရဟန်းတို့သည် ထိုင်နေရသည်မှာ ကြာပါကုန်ပြီ။ အသျှင်ဘုရား မြတ်စွာဘုရားသည် အာဂန္တုရဟန်းတို့နှင့် အတုံ့အပြန် ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်တော်မူပါ''ဟု လျှောက်၏။

ထိုအခါ မြတ်စွာဘုရားသည် ထိုသမာဓိမှ ထ၍ အသျှင်အာနန္ဒာကို ''အာနန္ဒာ သင်သည် အကယ်၍သိခဲ့မူ ဤမျှလောက်ကိုပင် သင်သည် မလျှောက်ရာ၊ အာနန္ဒာ ငါဘုရားသည် လည်းကောင်း၊ အလုံးစုံသော ဤရဟန်းငါးရာတို့သည်လည်းကောင်း မတုန်မလှုပ်သော စတုတ္ထဈာန်နှင့်ယှဉ်သော အရဟတ္တဖိုလ်သမာဓိဖြင့် နေကုန်၏''ဟု မိန့်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''အကြင်ရဟန်းအား ကာမဆူးငြောင့်ကိုလည်းကောင်း၊ ဆဲရေးခြင်းကိုလည်းကောင်း၊ သတ်ဖြတ်ခြင်းကိုလည်းကောင်း၊ နှောင်ဖွဲ့ခြင်းကိုလည်းကောင်း အောင်နိုင်၏။ ထိုရဟန်းသည် တောင်ကဲ့သို့ မတုန်မလှုပ် တည်၏။ ထိုရဟန်းသည် ချမ်းသာ ဆင်းရဲတို့ကြောင့် မတုန်လှုပ်''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

တတိယသုတ်။