ဥဒါန်းပါဠိတော်

၄-သာရိပုတ္တသုတ်

၂၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရား၏ မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာထား၍ တင်ပျဉ်ခွေပြီးလျှင် (ကမ္မဋ္ဌာန်းအာရုံသို့) ရှေးရှုသတိကို ဖြစ်စေလျက် ထိုင်နေ၏။ မြတ်စွာဘုရားသည် မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ တင်ပျဉ်ခွေပြီးလျှင် (ကမ္မဋ္ဌာန်းအာရုံသို့) ရှေးရှုသတိကို ဖြစ်စေလျက် ထိုင်နေသော အသျှင်သာရိပုတြာကို မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''ကျောက်တောင်ကြီးသည် မတုန်မလှုပ် ကောင်းစွာတည်သကဲ့သို့ ဤအတူ ရဟန်းသည် မောဟကုန်ခြင်းကြောင့် ကျောက်တောင်ကြီးကဲ့သို့ မတုန်လှုပ်''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

စတုတ္ထသုတ်။