ဥဒါန်းပါဠိတော်

၅-မဟာမောဂ္ဂလ္လာနသုတ်

၂၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်မဟာမောဂ္ဂလ္လာန်သည် မြတ်စွာဘုရား၏ မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ တင်ပျဉ်ခွေပြီးလျှင် မိမိအဇ္ဈတ္တသန္တာန်၌ ကောင်းစွာထင်သော ကာယဂတာသတိဖြင့် ထိုင်နေ၏။ မြတ်စွာဘုရားသည် မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ တင်ပျဉ်ခွေပြီးလျှင် မိမိအဇ္ဈတ္တသန္တာန်၌ ကောင်းစွာထင်သော ကောယဂတာ သတိဖြင့် ထိုင်နေသော အသျှင်မဟာမောဂ္ဂလ္လာန်ကို မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''အကြင်ရဟန်းအား ကာယဂတာသတိသည် ကောင်းစွာထင်၏။ ထိုရဟန်းသည် ဖဿာယတနခြောက်ပါးတို့၌ စောင့်စည်းကာ အမြဲမပြတ် တည်ကြည်သော သမာဓိ ရှိသည်ဖြစ်၍ မိမိ၏ ကိလေသာချုပ်ငြိမ်းမှု (နိဗ္ဗာန်) ကို (ပစ္စဝေက္ခဏာဉာဏ်ဖြင့်) သိနိုင်ရာ၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

ပဉ္စမသုတ်။