ဥဒါန်းပါဠိတော်

၆-ပိလိန္ဒဝစ္ဆသုတ်

၂၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်ပိလိန္ဒဝစ္ဆသည် ရဟန်းတို့ကို သူယုတ်ဟု (ခေါ်ဝေါ်) ပြောဆိုခြင်းဖြင့် ခေါ်ဝေါ်ပြောဆို၏။ ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက်တစ်ခုသောအရပ်၌ ထိုင်နေကြပြီးလျှင် မြတ်စွာဘုရားအား ''အသျှင်ဘုရား အသျှင်ပိလိန္ဒဝစ္ဆသည် ရဟန်းတို့ကို သူယုတ်ဟု ခေါ်ဝေါ်ပြောဆိုခြင်းဖြင့် ခေါ်ဝေါ်ပြောဆိုပါသည်''ဟု လျှောက်ကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတစ်ပါးကို ''ရဟန်း လာလော့၊ သင်သည် ငါ၏စကားဖြင့် ပိလိန္ဒဝစ္ဆရဟန်းကို 'ငါ့သျှင် ပိလိန္ဒဝစ္ဆ သင့်ကို မြတ်စွာဘုရား ခေါ်တော်မူ၏'ဟု ပြောချေလော့''ဟု (မိန့်တော်မူ၏)။ ''အသျှင်ဘုရား ကောင်းပါပြီ''ဟု ထိုရဟန်းသည် မြတ်စွာဘုရား၏ (စကားတော်ကို) ဝန်ခံ၍ အသျှင်ပိလိန္ဒဝစ္ဆထံ ချဉ်းကပ်ပြီးလျှင် အသျှင်ပိလိန္ဒဝစ္ဆကို ''ငါ့သျှင် ပိလိန္ဒဝစ္ဆ သင့်ကို မြတ်စွာဘုရား ခေါ်တော်မူ၏''ဟု ဆို၏။

''ကောင်းပါပြီ''ဟု အသျှင်ပိလိန္ဒဝစ္ဆသည် ထိုရဟန်း၏ (စကားကို) ဝန်ခံ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေ၏။ တစ်ခုသောအရပ်၌ ထိုင်နေသော အသျှင်ပိလိန္ဒဝစ္ဆကို မြတ်စွာဘုရားသည် ''ဝစ္ဆ သင်သည် ရဟန်းတို့ကို သူယုတ်ဟူသော ခေါ်ဝေါ် ပြောဆိုခြင်းဖြင့် ခေါ်ဝေါ်ပြောဆို၏ဟု ကြားရသည်ကားမှန်သလော''ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားမှန်ပါ၏ဟု (လျှောက်၏)။

ထိုအခါ မြတ်စွာဘုရားသည် အသျှင်ပိလိန္ဒဝစ္ဆ၏ ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို နှလုံးသွင်းတော်မူ၍ ရဟန်းတို့ကို ရဟန်းတို့ သင်တို့သည် ဝစ္ဆရဟန်းအား မကဲ့ရဲ့ကြကုန်လင့်၊ ရဟန်းတို့ ဝစ္ဆသည် ဒေါသစိတ် ရှိသည်ဖြစ်၍ ရဟန်းတို့ကို သူယုတ်ဟူသော ခေါ်ဝေါ်ပြောဆိုခြင်းဖြင့် ခေါ်ဝေါ်ပြောဆိုသည် မဟုတ်၊ ရဟန်းတို့ ဝစ္ဆရဟန်းသည် ဘဝငါးရာတို့ပတ်လုံး ပုဏ္ဏားမျိုး၌ အဆက်မပြတ် ဖြစ်ခဲ့ဖူး၏။ ထိုဝစ္ဆရဟန်းသည် ထိုသူယုတ်ဟု ခေါ်ဝေါ်ပြောဆိုခြင်းကို ညဉ့်နေ့ရှည်စွာ လေ့ကျက်ခဲ့ဖူး၏။ ထို့ကြောင့် ဤဝစ္ဆရဟန်းသည် ရဟန်းတို့ကို သူယုတ်-ဟု ခေါ်ဝေါ်ပြောဆိုခြင်းဖြင့် ခေါ်ဝေါ် ပြောဆိုနေ၏ဟု (မိန့်တော်မူ၏)။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''အကြင်ပုဂ္ဂိုလ်သည် လှည့်ပတ်မှု 'မာယာ' ထောင်လွှားမှု 'မာန' မရှိ၊ လောဘ ကင်း၏။ မြတ်နိုးမှု မရှိ၊ တောင့်တမှု 'အာသာ' မရှိ၊ အမျက် 'ဒေါသ'ကို ပယ်နုတ်ပြီး ဖြစ်၏။ ငြိမ်းအေးပြီးသော စိတ်ရှိ၏။ ထိုပုဂ္ဂိုလ်သည် မကောင်းမှုမှ အပပြုပြီးသူ 'ဗြာဟ္မဏလည်း မည်၏။ မကောင်းမှုမှ ငြိမ်းအေးပြီးသူ 'သမဏ'လည်း မည်၏။ ကိလေသာကို ဖျက်ဆီးပြီးသူ 'ဘိက္ခု'လည်း မည်၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

ဆဋ္ဌသုတ်။