ဥဒါန်းပါဠိတော်

၇-သက္ကုဒါနသုတ်

၂၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်မဟာကဿပသည် ပိပ္ပလိလိုဏ်ဂူ၌ ခုနစ်ရက်ပတ်လုံး တင်ပျဉ်ခွေကာ တစ်ခုသော (နိရောဓသမာပတ်) သမာဓိကို ဝင်စားလျက် တစ်ထိုင်တည်း နေတော်မူ၏။ ထိုအခါ အသျှင်မဟာကဿပသည် ထိုခုနစ်ရက်ကို လွန်သဖြင့် (နိရောဓသမာပတ်) သမာဓိမှ ထတော်မူ၏။ ထိုအခါ (နိရောဓသမာပတ်) သမာဓိမှထသော အသျှင်မဟာကဿပအား ''ငါသည် ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံဝင်ရမူ ကောင်းလေစွ''ဟု အကြံဖြစ်၏။

ထိုအခါ နတ်သမီးငါးရာတို့သည် အသျှင်မဟာကဿပ ဆွမ်းရရေးအတွက် (ဆွမ်းလောင်းရန်) ကြောင့်ကြစိုက်နေကြကုန်၏။ ထိုအခါ အသျှင်မဟာကဿပသည် ထိုနတ်သမီးငါးရာတို့ကို ဆွမ်းမလောင်းရန် တားမြစ်၍ နံနက်ချိန်၌ သင်္ကန်းကို ပြင်ဝတ်ပြီးလျှင် သပိတ်သင်္ကန်းကို ယူဆောင်လျက် ရာဇဂြိုဟ်မြို့သို့ ဆွမ်းခံဝင်တော်မူ၏။

ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် အသျှင်မဟာကဿပအား ဆွမ်းလှူလိုရကား ရက်ကန်းသည်အသွင်ကို ဖန်ဆင်း၍ ရက်ကန်း ရက်နေ၏။ အသုရာ၏သမီး သုဇာသည် ရက်ဖောက် ရောက်၏။ ထိုအခါ အသျှင်မဟာကဿပသည် ရာဇဂြိုဟ်မြို့၌ အိမ်စဉ်အတိုင်း ဆွမ်းခံလှည့်လည်လတ်သော် နတ်တို့ အရှင်သိကြားမင်း၏ နေအိမ်သို့ ချဉ်းကပ်၏။ နတ်တို့အရှင် သိကြားမင်းသည် ကြွလာသော အသျှင်မဟာကဿပကို အဝေးကပင် မြင်၍ အိမ်မှ ထွက်ပြီးလျှင် ခရီးဦးကြိုဆို၍ လက်မှ သပိတ်ကို ယူပြီးလျှင်အိမ်သို့ ဝင်ကာ ထမင်းအိုးမှ ထမင်းကို ခူး၍ သပိတ်ကို ပြည့်စေလျက် အသျှင်မဟာကဿပအား ပေးလှူ၏။ ထိုဆွမ်းသည် (ပဲနောက်စသော) အမျိုးမျိုးသော ဟင်း အထူးထူးအပြားပြားသော လက်သုတ်ဟင်းလျာ အရသာအမျိုးမျိုးရှိသော စားမဲဟင်းလျာ ရှိ၏။ ထိုအခါ အသျှင်မဟာကဿပအား ''ဤသို့ သဘောရှိသောတန်ခိုးအာနုဘော်ရှိသည့် ဤပုဂ္ဂိုလ်ကား အဘယ်သူနည်း''ဟု အကြံဖြစ်၏။ ထို့နောက်အသျှင်မဟာကဿပအား ''ဤပုဂ္ဂိုလ်ကား နတ်တို့အရှင် သိကြားမင်းတည်း''ဟု သိ၍ နတ်တို့အရှင်သိကြားမင်းကို ''ကောသိယ သင်သည် ဤအမှုကို ပြုဘိ၏။ ဤသို့ သဘောရှိသော အမှုကို နောက်တစ်ဖန်မပြုလင့်''ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားမဟာကဿပ တပည့်တော်တို့ သည်လည်း ကုသိုလ်ကောင်းမှုကို အလိုရှိကြပါ၏။ တပည့်တော်တို့သည်လည်း ကုသိုလ်ကောင်းမှုကို ပြုထိုက်ပါသေးသည်ဟု (လျှောက်၏)။

ထို့နောက် နတ်တို့အရှင် သိကြားမင်းသည် အသျှင်မဟာကဿပကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ကောင်းကင်သို့ ပျံတက်ပြီးလျှင် ဟင်းလင်းအပြင် ကောင်းကင်ထက်ဝယ် ''အသျှင်မဟာကဿပ၌ ကောင်းစွာ တည်သော ဒါနသည် အံ့သြဖွယ် ဒါနပါပေတည်း။ မြတ်သော ဒါနပါပေတည်း။ အသျှင်မဟာကဿပ၌ တည်သော ဒါနသည် အံ့သြဖွယ် ဒါနပါပေတည်း။ မြတ်သော ဒါနပါပေတည်း။ အသျှင်မဟာကဿပ၌ တည်သော ဒါနသည် အံ့သြဖွယ် ဒါနပါပေတည်း။ မြတ်သော ဒါနပါပေတည်း''ဟု သုံးကြိမ်တိုင်တိုင်ဥဒါန်းကျူးရင့်၏။ ကောင်းကင်သို့ ပျံတက်၍ ဟင်းလင်းအပြင် ကောင်းကင်ထက်ဝယ် ''အသျှင်မဟာကဿပ၌ ကောင်းစွာတည်သော ဒါနသည် အံ့သြဖွယ် ဒါနပါပေတည်း။ မြတ်သော ဒါနပါပေတည်း''ဟု သုံးကြိမ်တိုင်တိုင် နတ်တို့အရှင် သိကြားမင်း၏ ဥဒါန်းကျူးရင့်သံကို လူတို့၏ နားအကြားကို လွန်သော နတ်တို့၏ သောတပသာဒနှင့်တူသော စင်ကြယ်သော ဒိဗ္ဗသောတအဘိညာဉ်ဖြင့် မြတ်စွာဘုရားသည် ကြားတော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''ပိဏ္ဍပါတ်ဓုတင်ကို ဆောင်ကာ မိမိကိုယ်ကို မွေးမြူသော သူတစ်ပါးတို့ မွေးမြူမှုကို မခံမူ၍အမြဲမပြတ် သတိရှိသော ကိလေသာငြိမ်းအေး၍ တာဒိဂုဏ်နှင့် ပြည့်စုံသော ရဟန်းအား နတ်တို့ ချစ်မြတ်နိုးကုန်၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

သတ္တမသုတ်။