ဥဒါန်းပါဠိတော်

၈-ပိဏ္ဍပါတိကသုတ်

၂၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲကြကုန်၍ ရေခံတက်ပင်ရောက်ရာ ကရေရိတန်ဆောင်းဝန်း၌ စုဝေးထိုင်နေကြကုန်သော များစွာသော ရဟန်းတို့အား ဤကြားညှပ်စကားသည် ဖြစ်ပေါ်လာ၏။

ငါ့သျှင်တို့ ဆွမ်းခံလှည့်လည်သော ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းသည် ရံဖန်ရံခါ နှစ်သက်ဖွယ်ရူပါရုံတို့ကို မျက်စိဖြင့် မြင်ရ၏။ နှစ်သက်ဖွယ် အသံတို့ကို နားဖြင့် ကြားရ၏။ နှစ်သက်ဖွယ် အနံ့တို့ကို နှာခေါင်းဖြင့် နမ်းရ၏။ နှစ်သက်ဖွယ် ရသာရုံတို့ကို လျှာဖြင့်လျက်ရ၏။ နှစ်သက်ဖွယ် ဖောဋ္ဌဗ္ဗာရုံတို့ကို ကိုယ်ဖြင့် တွေ့ထိရ၏။ ငါ့သျှင်တို့ ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းသည် ရိုသေမှု အလေးပြုမှု မြတ်နိုးမှုပူဇော်မှု တုပ်ဝပ်မှုကို ခံယူကာ ဆွမ်းခံလှည့်လည်၏။ ငါ့သျှင်တို့ ယခု ငါတို့သည်လည်း ပိဏ္ဍပါတ်ဓုတင် ဆောင်ကြကုန်အံ့၊ ငါတို့သည်လည်း ရံဖန်ရံခါ နှစ်သက်ဖွယ် ရူပါရုံတို့ကို မျက်စိဖြင့် မြင်ရကုန်အံ့၊ နှစ်သက်ဖွယ် အသံတို့ကို နားဖြင့် ကြားရကုန်အံ့၊ နှစ်သက်ဖွယ် အနံ့တို့ကို နှာခေါင်းဖြင့် နမ်းရကုန်အံ့၊ နှစ်သက်ဖွယ် ရသာရုံတို့ကို လျှာဖြင့်လျက်ရကုန်အံ့၊ နှစ်သက်ဖွယ် ဖောဋ္ဌဗ္ဗာရုံတို့ကိုကိုယ်ဖြင့် တွေ့ထိရကုန်အံ့၊ ငါတို့သည်လည်း ရိုသေမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို ခံယူကြကာ ဆွမ်းခံလှည့်လည်ကြကုန်အံ့ဟု ထိုရဟန်းတို့၏ ဤကြားညှပ်စကားသည် မပြီးပြတ်သေး။

ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းနေရာမှ ထ၍ ရေခံတက်ပင်ရောက်ရာ ကရေရိတန်ဆောင်းဝန်းသို့ ချဉ်းကပ်လျက် ခင်းထားသောနေရာ၌ ထိုင်တော်မူပြီးလျှင်ရဟန်းတို့ကို ''ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စုဝေးနေထိုင်ကြ ကုန်သနည်း? သင်တို့၏ မပြီးပြတ်သေးသော ကြားညှပ်စကားသည် အဘယ်နည်း''ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ဤအရပ်၌ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲကြကုန်၍ ရေခံတက်ပင် ရောက်ရာ ကရေရိတန်ဆောင်းဝန်း၌ စုဝေးထိုင်နေကြကုန်သောတပည့်တော်တို့အား ဤကြားညှပ် စကားသည် ဖြစ်ပါ၏။ ငါ့သျှင်တို့ ဆွမ်းခံလှည့်လည်သော ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းသည် ရံဖန်ရံခါ နှစ်သက်ဖွယ်ရူပါရုံတို့ကို မျက်စိဖြင့် မြင်ရ၏။ နှစ်သက်ဖွယ် အသံတို့ကို နားဖြင့် ကြားရ၏။ နှစ်သက်ဖွယ် အနံ့တို့ကို နှာခေါင်းဖြင့် နမ်းရ၏။ နှစ်သက်ဖွယ် ရသာရုံတို့ကို လျှာဖြင့်လျက်ရ၏။ နှစ်သက်ဖွယ် ဖောဋ္ဌဗ္ဗာရုံတို့ကို ကိုယ်ဖြင့် တွေ့ထိရ၏။ ငါ့သျှင်တို့ ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းသည် ရိုသေမှု အလေးပြုမှု မြတ်နိုးမှုပူဇော်မှု တုပ်ဝပ်မှုကို ခံယူကာ ဆွမ်းခံလှည့်လည်၏။ ငါ့သျှင်တို့ ယခု ငါတို့သည်လည်း ပိဏ္ဍပါတ်ဓုတင် ဆောင်ကြကုန်အံ့၊ ငါတို့သည်လည်း ရံဖန်ရံခါ နှစ်သက်ဖွယ် ရူပါရုံတို့ကို မျက်စိဖြင့် မြင်ရကုန်အံ့၊ နှစ်သက်ဖွယ် အသံတို့ကို နားဖြင့် ကြားရကုန်အံ့၊ နှစ်သက်ဖွယ် အနံ့တို့ကို နှာခေါင်းဖြင့် နမ်းရကုန်အံ့၊ နှစ်သက်ဖွယ် ရသာရုံတို့ကို လျှာဖြင့်လျက်ရကုန်အံ့၊ နှစ်သက်ဖွယ် ဖောဋ္ဌဗ္ဗာရုံတို့ကိုကိုယ်ဖြင့် တွေ့ထိရကုန်အံ့၊ ငါတို့သည်လည်း ရိုသေမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို ခံယူကြကာ ဆွမ်းခံလှည့်လည်ကြကုန်အံ့။ အသျှင်ဘုရား ဤစကားသည် တပည့်တော်တို့၏ မပြီးပြတ်သေးသော ကြားညှပ်စကားပါတည်း။ ထိုအခါ မြတ်စွာဘုရားသည် ကြွရောက်လာပါ၏ဟု (လျှောက်ကုန်၏)။

ရဟန်းတို့ ယုံကြည်မှု သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်၌ ရဟန်းပြုကြသော အမျိုးကောင်းသားတို့အား ဤသို့ သဘောရှိသော စကားကို ပြောဆိုခြင်းသည် မလျောက်ပတ်။ ရဟန်းတို့စုဝေးနေထိုင်ကြကုန်သော သင်တို့အား တရားနှင့်စပ်သောစကားကိုသော်လည်းကောင်း၊ မြတ်သော ဆိတ်ဆိတ်နေခြင်းကိုသော်လည်းကောင်း ဤနှစ်ပါးကိုသာ ပြုသင့်၏ဟု (မိန့်တော်မူ၏)။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''ရဟန်းသည် မျက်မှောက် မျက်ကွယ်၌ ချီးမွမ်းကျော်စောသံကိုမှီသူ အကယ်၍ မဖြစ်ခဲ့မူ ပိဏ္ဍပါတ်ဓုတင်ကို ဆောင်ကာ မိမိကိုယ်ကို မွေးမြူသော သူတစ်ပါးတို့ မွေးမြူမှုကို မခံမူ၍ တာဒိဂုဏ်နှင့်ပြည့်စုံသော ရဟန်းအား နတ်တို့ ချစ်မြတ်နိုးကုန်၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

အဋ္ဌမသုတ်။