ဥဒါန်းပါဠိတော်

၉-သိပ္ပသုတ်

၂၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲကြကုန်၍ တန်ဆောင်းဝန်း၌ စုဝေးထိုင်နေကြကုန်သော ရဟန်းတို့အား ''ငါ့သျှင်တို့အဘယ်သူသည် (အသက်မွေးကြောင်း) အတတ်ကို သိသနည်း? အဘယ်သူသည် အဘယ်အတတ်ကို သင်ယူသနည်း? အတတ်တို့တွင် အဘယ်အတတ်သည် အမြတ်ဆုံးနည်း''ဟူ၍ ဤကြားညှပ်စကားသည် ဖြစ်ပေါ်လာ၏။

ထိုရဟန်းတို့တွင် ရဟန်းအချို့တို့က ''အတတ်တို့တွင် ဆင်အတတ်သည် အမြတ်ဆုံး''ဟု ဆိုကြကုန်၏။ အချို့တို့က ''မြင်းအတတ်သည် အမြတ်ဆုံး''ဟု ဆိုကြကုန်၏။ အချို့တို့က ''ရထားအတတ်သည် အမြတ်ဆုံး''ဟု ဆိုကြကုန်၏။ အချို့တို့က ''လေးအတတ်သည် အမြတ်ဆုံး''ဟု ဆိုကြကုန်၏။ အချို့တို့က ''သန်လျက်စသော လက်နက်အတတ်သည် အမြတ်ဆုံး''ဟု ဆိုကြကုန်၏။ အချို့တို့က ''လက်ဆစ်ချိုး ရေတွက်ခြင်းအတတ်သည် အမြတ်ဆုံး''ဟု ဆိုကြကုန်၏။ အချို့တို့က ''ဂဏန်းအတတ်သည် အမြတ်ဆုံး''ဟု ဆိုကြကုန်၏။ အချို့တို့က ''အပေါင်းကိန်းဖြင့် ရေတွက်ခြင်း အတတ်သည်အမြတ်ဆုံး''ဟု ဆိုကြကုန်၏။ အချို့တို့က ''အက္ခရာစာရေးအတတ်သည် အမြတ်ဆုံး''ဟု ဆိုကြကုန်၏။ အချို့တို့က ''ကဗျာဖွဲ့ခြင်း အတတ်သည် အမြတ်ဆုံး''ဟု ဆိုကြကုန်၏။ အချို့တို့က ''လောကာယတကျမ်း အတတ်သည် အမြတ်ဆုံး''ဟု ဆိုကြကုန်၏။ အချို့တို့က ''မင်းမှုရေးရာ နီတိကျမ်းအတတ်သည် အမြတ်ဆုံး''ဟု ဆိုကြကုန်၏။ ထိုရဟန်းတို့အား မပြီးပြတ်သေးသော ဤကြားညှပ်စကားသည် ဖြစ်ပေါ်၏။

ထို့နောက် မြတ်စွာဘုရားသည် ညချမ်းအခါတစ်ပါးတည်း ကိန်းအောင်းရာမှ ထလျက် တန်ဆောင်းဝန်းသို့ ချဉ်းကပ်ပြီးလျှင် ခင်းထားသောနေရာ၌ ထိုင်တော်မူပြီးသော် ရဟန်းတို့ကို ''ရဟန်းတို့ယခုအခါ အဘယ်စကားဖြင့် စုဝေးထိုင်နေကြကုန်သနည်း? သင်တို့၏ မပြီးပြတ်သေးသော ကြားညှပ်စကားသည် အဘယ်နည်း''ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲကြကုန်၍ တန်ဆောင်းဝန်း၌ စုဝေးထိုင်နေကြကုန်သော တပည့်တော်တို့အား ဤကြားညှပ်စကားသည် ဖြစ်ပေါ်ပါ၏။ ''ငါ့သျှင်တို့ အဘယ်သူသည် (အသက်မွေးကြောင်း) အတတ်ကို တတ်သနည်း? အဘယ်သူသည် အဘယ်အတတ်ကို သင်သနည်း? အတတ်တို့တွင် အဘယ်အတတ်သည် အမြတ်ဆုံး ဖြစ်သနည်း''ဟု ဤကြားညှပ်စကားသည် ဖြစ်ပေါ်ပါ၏။

ထိုရဟန်းတို့တွင် ရဟန်းအချို့တို့က ''အတတ်တို့တွင် ဆင်အတတ်သည် အမြတ်ဆုံး''ဟု ဆိုကြကုန်၏။ အချို့တို့က ''မြင်းအတတ်သည် အမြတ်ဆုံး''ဟု ဆိုကြကုန်၏။ အချို့တို့က ''ရထားအတတ်သည် အမြတ်ဆုံး''ဟု ဆိုကြကုန်၏။ အချို့တို့က ''လေးအတတ်သည် အမြတ်ဆုံး''ဟု ဆိုကြကုန်၏။ အချို့တို့က ''အတတ်တို့တွင် သန်လျက်စသော လက်နက် အတတ်သည် အမြတ်ဆုံး''ဟု ဆိုကြကုန်၏။ အချို့တို့က ''လက်ဆစ်ချိုးရေတွက်ခြင်း အတတ်သည် အမြတ်ဆုံး''ဟု ဆိုကြကုန်၏။ အချို့တို့က ''ဂဏန်းရေတွက်ခြင်းအတတ်သည် အမြတ်ဆုံး''ဟု ဆိုကြကုန်၏။ အချို့တို့က ''အပေါင်းကိန်းဖြင့် ရေတွက်ခြင်း အတတ်သည် အမြတ်ဆုံး''ဟု ဆို ကြကုန်၏။ အချို့တို့က ''အက္ခရာစာရေးအတတ်သည်အမြတ်ဆုံး''ဟု ဆိုကြကုန်၏။ အချို့တို့က ''ကဗျာဖွဲ့ခြင်းအတတ်သည် အမြတ်ဆုံး''ဟု ဆိုကြကုန်၏။ အချို့တို့က ''လောကာယတကျမ်းအတတ်သည် အမြတ်ဆုံး''ဟု ဆိုကြကုန်၏။ အချို့တို့က ''မင်းမှုရေးရာ နီတိကျမ်းအတတ်သည် အမြတ်ဆုံး''ဟု ဆိုကြကုန်၏။ အသျှင်ဘုရား ဤစကားသည် တပည့်တော်တို့၏ မပြီးပြတ်သေးသော ကြားညှပ်စကားဖြစ်ပါ၏။ ထိုအခါ မြတ်စွာဘုရား ကြွရောက်လာပါသည်ဟု (လျှောက်ထားကုန်၏)။

ရဟန်းတို့ ယုံကြည်မှု သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြုကြသော သင် အမျိုးကောင်းသားတို့သည် ဤသို့ သဘောရှိသော စကားကို ပြောဆိုခြင်းသည် မလျောက်ပတ်။ ရဟန်းတို့ စုဝေးနေထိုင်ကြကုန်သော သင်တို့အား တရားနှင့်စပ်သောစကားကိုသော်လည်းကောင်း၊ မြတ်သော ဆိတ်ဆိတ်နေခြင်းကိုသော် လည်းကောင်း ဤနှစ်ပါးကိုသာပြုသင့်၏ဟု (မိန့်တော်မူ၏)။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''အကြင်ပုဂ္ဂိုလ်သည် အတတ်ကိုမှီ၍ အသက်မွေးလေ့ မရှိ၊ ပေါ့ပါး၏။ အကျိုးစီးပွါးကို အလိုရှိ၏။ ဣန္ဒြေကို စောင့်စည်း၏။ ဘဝအလုံးစုံတို့မှ ကင်းလွတ်၏။ အာယတနခြောက်ပါးတို့၌ သက်ဝင်သော စိတ်မရှိ၊ မြတ်နိုးမှု မရှိ၊ တောင့်တမှု မရှိ၊ မာနကို စွန့်၍ တစ်ယောက်တည်း ကျင့်၏။ ထိုပုဂ္ဂိုလ်သည်သာ ဘိက္ခုမည်၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

နဝမသုတ်။