ဥဒါန်းပါဠိတော်

၁-မေဃိယသုတ်

၃၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် စာလိကာမြို့ စာလိကတောင်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်သော အသျှင်မေဃိယသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသောအရပ်၌ ရပ်တည်ပြီးသော် မြတ်စွာဘုရားကို ''အသျှင်ဘုရား တပည့်တော်သည် ဇန္တုရွာ၌ ဆွမ်းခံဝင်ရန် အလိုရှိပါ၏''ဟု (လျှောက်၏)။ မေဃိယ ယခုသွားရန် အချိန်ကို သင် သိ၏။ (သွားရန်မှာ သင်၏အလိုအတိုင်းပင် ဖြစ်၏) ဟု (မိန့်တော်မူ၏)။

ထိုအခါ အသျှင်မေဃိယသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက်ဇန္တုရွာသို့ ဆွမ်းခံဝင်၏။ ဇန္တုရွာ၌ ဆွမ်းခံလှည့်လည်ပြီး၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့ပြီးသော် ကိမိကာဠာမြစ်ကမ်းသို့ ချဉ်းကပ်၍ ကိမိကာဠာမြစ်ကမ်းနား၌ အညောင်းပြေ စင်္ကြံလျှောက် စဉ်စိတ်ကြည်လင်ဖွယ်ကို ဆောင်သော နှစ်သက်ဖွယ် နှလုံးမွေ့လျော်ဖွယ်ရှိသော သရက်ဥယျာဉ်ကို မြင်လေ၏။ ထိုသို့ မြင်သောကြောင့် ထိုမေဃိယအား ''ဤသရက်ဥယျာဉ်သည် စိတ်ကြည်လင်ဖွယ်ကို ဆောင်ပေစွတကား၊ နှစ်သက်ဖွယ် နှလုံးမွေ့လျော်ဖွယ် ရှိပေစွတကား၊ ဤသရက်ဥယျာဉ်သည် တရားအားထုတ် လိုသော အမျိုးကောင်းသားအား တရားအားထုတ်ရန် သင့်တော်လေစွတကား၊ ငါ့ကို မြတ်စွာဘုရား ခွင့်ပြုပါမူ ငါသည် သရက်ဥယျာဉ်သို့ တရားအားထုတ်ရန် လာလို၏''ဟု အကြံဖြစ်၏။

ထို့နောက် အသျှင်မေဃိယသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- အသျှင်ဘုရား တပည့်တော်သည် ယနေ့နံနက်အချိန် သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် ဇန္တုရွာသို့ ဆွမ်းခံဝင်ခဲ့ပါ၏။ ဇန္တုရွာ၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့သောတပည့်တော်သည် ကိမိကာဠာမြစ်ကမ်း နား၌ အညောင်းပြေ စင်္ကြံလျှောက်စဉ် ''စိတ်ကြည်လင်ဖွယ်ကိုဆောင်သော နှစ်သက်ဖွယ် နှလုံးမွေ့လျော်ဖွယ်ရှိသော သရက်ဥယျာဉ်ကို မြင်ခဲ့ပါပြီ။ ထိုသို့ မြင်သောကြောင့် တပည့်တော်အား ''ဤသရက်ဥယျာဉ်သည် စိတ်ကြည်လင်ဖွယ်ကို ဆောင်ပေစွတကား၊ နှစ်သက်ဖွယ် နှလုံးမွေ့လျော်ဖွယ် ရှိပေစွတကား၊ ဤသရက်ဥယျာဉ်သည် တရားအားထုတ်လိုသော အမျိုးကောင်းသားအား တရားအားထုတ်ရန် သင့်တော်ပေစွတကား၊ ငါ့ကို မြတ်စွာဘုရား ခွင့်ပြုပါမူ ငါသည် ဤသရက်ဥယျာဉ်သို့ တရားအားထုတ်ရန် လာရမူ ကောင်းလေစွ''ဟု ဤအကြံသည် ဖြစ်ခဲ့ပါ၏။ အသျှင်ဘုရား မြတ်စွာဘုရားသည် တပည့်တော်ကို အကယ်၍ ခွင့်ပြုပါမူ တပည့်တော်သည် ထိုသရက်ဥယျာဉ်သို့ တရားအားထုတ်ရန် သွားလိုပါ၏ဟု (လျှောက်၏)။

ဤသို့ လျှောက်သော် မြတ်စွာဘုရားသည် အသျှင်မေဃိယအား ''မေဃိယ ငါဘုရားတစ်ပါးတည်းသာဖြစ်နေ၍ တစ်စုံတစ်ယောက်သောရဟန်း လာသည့်တိုင်အောင် ဆိုင်းငံ့ဦးလော့''ဟု (မိန့်တော်မူ၏)။

နှစ်ကြိမ်မြောက်လည်း အသျှင်မေဃိယသည် မြတ်စွာဘုရားအား ''အသျှင်ဘုရား မြတ်စွာဘုရားအား ပိုလွန်၍ တစ်စုံတစ်ခု ပြုဖွယ်ကိစ္စ မရှိတော့ပါ၊ ပြုပြီးသည်ကို တစ်ဖန်ပြန်၍ ပွါးများရန်လည်း မရှိတော့ပါ၊ အသျှင်ဘုရား တပည့်တော်မှာမူ အလွန်အကဲ ပြုဖွယ်ကိစ္စ ရှိပါသေး၏။ ပြုပြီးသည်ကို တစ်ဖန်ပြန်၍ ပွါးများရန်လည်း ရှိပါသေး၏။ မြတ်စွာဘုရားသည် တပည့်တော်အား အကယ်၍ ခွင့်ပြုပါမူ တပည့်တော်သည် ထိုသရက်ဥယျာဉ်သို့ တရားအားထုတ်ရန် သွားလိုပါ၏''ဟု (လျှောက်၏)။ နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည် ''မေဃိယ ငါဘုရားတစ်ပါးတည်းသာ ဖြစ်နေ၍ တစ်စုံတစ်ယောက်သော ရဟန်း လာသည့်တိုင်အောင် ဆိုင်းငံ့ဦးလော့''ဟု (မိန့်တော်မူ၏)။

သုံးကြိမ်မြောက်လည်း အသျှင်မေဃိယသည် မြတ်စွာဘုရားအား''အသျှင်ဘုရား မြတ်စွာဘုရားအား ပိုလွန်၍ တစ်စုံတစ်ခု ပြုဖွယ်ကိစ္စ မရှိတော့ပါ၊ ပြုပြီးသည်ကို တစ်ဖန်ပြန်၍ ပွါးများရန်လည်း မရှိတော့ပါ၊ အသျှင်ဘုရား တပည့်တော်မှာမူ အလွန်အကဲ ပြုဖွယ်ကိစ္စ ရှိပါသေး၏။ ပြုပြီးသည်ကို တစ်ဖန်ပြန်၍ ပွါးများရန်လည်း ရှိပါသေး၏။ မြတ်စွာဘုရားသည် တပည့်တော်အား အကယ်၍ ခွင့်ပြုပါမူ့တပည့်တော်သည် ထိုသရက်ဥယျာဉ်သို့ တရားအားထုတ်ရန် သွားလိုပါ၏''ဟု (လျှောက်၏)။ မေဃိယ''တရားအားထုတ်ရန်''ဟု ပြောဆိုသူကို အဘယ်သို့ ပြောဆိုနိုင်ကုန်အံ့နည်း? မေဃိယ ယခုသွားရန်အချိန်ကို သင်သိ၏။ (သွားရန်မှာ သင်၏အလို အတိုင်းပင် ဖြစ်၏)ဟု (မိန့်တော်မူ၏)။

ထိုအခါ အသျှင်မေဃိယသည် နေရာမှထကာ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုလျက် သရက်ဥယျာဉ်သို့ ချဉ်းကပ်ဝင်ရောက်ကာ တစ်ခုသော သစ်ပင်ရင်း၌ နေ့သန့်စင်ရန် ထိုင်နေ၏။ ထိုအခါ ထိုသရက် ဥယျာဉ်၌ နေသော အသျှင်မေဃိယအား ကာမနှင့်စပ်ယှဉ်သော ကြံစည်မှု 'ကာမဝိတက်' ဖျက်ဆီးလိုခြင်းနှင့် စပ်ယှဉ်သော ကြံစည်မှု 'ဗျာပါဒဝိတက်' ညှဉ်းဆဲလိုခြင်းနှင့် စပ်ယှဉ်သော ကြံစည်မှု 'ဝိဟိံသာဝိတက်'ဟူသော ယုတ်ညံ့သော အကုသိုလ်ဝိတက်သုံးပါးတို့သည် များသောအားဖြင့် ဖြစ်ပွါးကုန်၏။

ထိုအခါ အသျှင်မေဃိယသည် ''အချင်းတို့အံ့သြဖွယ် ကောင်းလေစွ၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်လေစွ၊ ယုံကြည်မှု သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြုသူ ဖြစ်ပါလျက် ကာမဝိတက် ဗျာပါဒဝိတက် ဝိဟိံသာဝိတက်ဟူသော ယုတ်ညံ့သော အကုသိုလ်ဝိတက်သုံးပါးတို့ဖြင့် ကပ်ငြိခံရကုန်၏''ဟု ဤအကြံအစည်သည် ဖြစ်၏။

ထိုအခါ အသျှင်မေဃိယသည် ညနေချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းရာမှ ထလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျောက်၏ ''အသျှင်ဘုရား ထိုသရက်ဥယျာဉ်၌နေသော တပည့်တော်အား ကာမဝိတက် ဗျာပါဒဝိတက် ဝိဟိံသာဝိတက်ဟူသော ယုတ်ညံ့သော အကုသိုလ်ဝိတက်သုံးပါးတို့သည် များသောအားဖြင့် ဖြစ်ပါကုန်၏။ အသျှင်ဘုရား ထိုတပည့်တော်အား အချင်းတို့ အံ့သြဖွယ် ရှိပေစွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်ပေစွတကား၊ ယုံကြည်မှု သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြုသူ ဖြစ်ပါလျက် ကာမဝိတက် ဗျာပါဒဝိတက် ဝိဟိံသာဝိတက်ဟူသော ယုတ်ညံ့သော အကုသိုလ် ဝိတက်သုံးပါးတို့ဖြင့် ကပ်ငြိခံရကုန်၏''ဟု ဤအကြံအစည်သည် ဖြစ်ပါ၏ဟု လျှောက်၏။

မေဃိယ တရားငါးမျိုးတို့သည် မရင့်ကျက်သေးသော စိတ်၏ ကိလေသာမှ လွတ်မြောက်မှု စေတောဝိမုတ္တိကို ရင့်ကျက်စေရန် ဖြစ်ကုန်၏။ အဘယ်ငါးပါးတို့နည်းဟူမူ-

မေဃိယ ဤသာသနာတော်၌ ရဟန်းသည် -

၁။ မိတ်ဆွေကောင်း အဖော်သူငယ်ချင်းကောင်းရှိသူ သူတော်ကောင်း၌ ကိုင်းရှိုင်းသော စိတ်ရှိသူ ဖြစ်၏။ မေဃိယ ဤပဌမတရားသည် မရင့်ကျက်သေးသော စေတောဝိမုတ္တိကို ရင့်ကျက်စေရန် ဖြစ်၏။

၂။ မေဃိယ နောက်တစ်မျိုးကား ရဟန်းသည် သီလရှိသူပါတိမောက္ခသံဝရသီလကို စောင့်ရှောက်လျက် အကျင့် 'အာစာရ' ကျက်စားရာ 'ဂေါစရ'နှင့် ပြည့်စုံသူ ဖြစ်၍နေ၏။ အနည်းငယ်သော အပြစ်တို့၌လည်း ဘေးဟု ရှု၍ သိက္ခာပုဒ်တို့၌ ဆောက်တည်လျက် ကျင့်၏။ မေဃိယ ဤဒုတိယတရားသည် မရင့်ကျက်သေးသော စေတောဝိမုတ္တိကို ရင့်ကျက်စေရန် ဖြစ်၏။

၃။ မေဃိယ နောက်တစ်မျိုးကား အကြင်စကားသည် အလွန်ကိလေသာ ခေါင်းပါးမှုနှင့် စပ်ယှဉ်၏။ စိတ်ကို ဖွင့်လှစ်သော သမထ ဝိပဿနာအား လျောက်ပတ်၏။ စင်စစ် ငြီးငွေ့ခြင်းငှါ တပ်ခြင်းကင်းခြင်းငှါ ချုပ်ခြင်းငှါ ငြိမ်းအေးခြင်းငှါ ထူးသောဉာဏ်ဖြင့် သိခြင်းငှါ သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်၏။ ဤစကားတို့ကား အဘယ်နည်း? အလိုနည်းမှုနှင့် စပ်သောစကား ရောင့်ရဲမှုလွယ်နှင့် စပ်သောစကား ဆိတ်ငြိမ်မှုနှင့် စပ်သောစကား မရောပြွမ်း မှုနှင့် စပ်သောစကား ဝီရိယကိုအားထုတ်မှုနှင့် စပ်သောစကား သီလနှင့်စပ်သောစကား သမာဓိနှင့် စပ်သောစကား ပညာနှင့် စပ်သောစကား မဂ်ဖိုလ်နိဗ္ဗာန်နှင့် စပ်သောစကား ပစ္စဝေက္ခဏာဉာဏ်နှင့် စပ်သောစကားတို့တည်း။ ရဟန်းသည် ဤသို့ သဘောရှိသော စကားကို (နာကြားရန်) အလိုရှိတိုင်း ရ၏။ မငြိုမငြင်ဘဲ ရ၏။ မပင်မပန်းဘဲ ရ၏။ မေဃိယ ဤတတိယ တရားသည် မရင့်ကျက်သေးသော စေတောဝိမုတ္တိကို ရင့်ကျက်စေရန် ဖြစ်၏။

၄။ မေဃိယ နောက်တစ်မျိုးကား ရဟန်းသည် အကုသိုလ်တရားကို ပယ်ရန် ကုသိုလ်တရားကို ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိသူ အားအစွမ်းရှိသူ မြဲမြံသော လုံ့လရှိသူ ကုသိုလ်တရားတို့၌ တာဝန်ကို ချမထားသူ ဖြစ်၍ နေ၏။ မေဃိယ ဤစတုတ္ထတရားသည် မရင့်ကျက်သေးသော စေတောဝိမုတ္တိကို ရင့်ကျက်စေရန် ဖြစ်၏။

၅။ မေဃိယ နောက်တစ်မျိုးကား ရဟန်းသည် ပညာရှိ၏။ အဖြစ်အပျက်ကို သိသော ကိလေသာကို ခွဲဖျက်နိုင်သော အကြွင်းမဲ့ ဆင်းရဲကုန်ရာသို့ ရောက်ကြောင်းဖြစ်သော ဖြူစင်သော ပညာနှင့် ပြည့်စုံ၏။ မေဃိယ ဤပဉ္စမတရားသည် မရင့်ကျက်သေးသော စေတောဝိမုတ္တိကို ရင့်ကျက်စေရန် ဖြစ်၏။

မေဃိယ မိတ်ဆွေကောင်း အဖော်သူငယ်ချင်းကောင်းရှိ၍ သူတော်ကောင်း၌ ကိုင်းရှိုင်းသော စိတ်ရှိသည့်ရဟန်းအား ''သီလရှိသူ ဖြစ်လိမ့်မည်ပါတိမောက္ခသံဝရသီလကို စောင့်ရှောက်သူ ဖြစ်လိမ့်မည် အကျင့်'အာစာရ' ကျက်စားရာ 'ဂေါစာရ'နှင့် ပြည့်စုံ၍ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလျက် သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်နိုင်လိမ့်မည်ဟူသော ထိုအလုံးစုံကို မချွတ်ရလိမ့်မည်''ဟု မျှော်လင့်အပ်၏။

မေဃိယ ''အကြင်စကားသည် အလွန်ကိလေသာ ခေါင်းပါးမှုနှင့် စပ်ယှဉ်၏။ စိတ်ကို ဖွင့်လှစ်သော သမထ ဝိပဿနာအား လျောက်ပတ်၏။ စင်စစ်ငြီးငွေ့ခြင်းငှါ တပ်ခြင်းကင်းခြင်းငှါ ချုပ်ခြင်းငှါ ငြိမ်းအေးခြင်းငှါ ထူးသောဉာဏ်ဖြင့် သိခြင်းငှါ သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်၏။ ဤစကားတို့ကား အဘယ်နည်း? အလိုနည်းမှုနှင့် စပ်သောစကား ရောင့်ရဲလွယ်မှုနှင့် စပ်သောစကားဆိတ်ငြိမ်မှုနှင့် စပ်သောစကား မရောပြွမ်းမှုနှင့် စပ်သောစကား ဝီရိယကိုအားထုတ်မှုနှင့် စပ်သောစကားသီလနှင့် စပ်သောစကား သမာဓိနှင့် စပ်သောစကား ပညာနှင့် စပ်သောစကား မဂ်ဖိုလ်နိဗ္ဗာန်နှင့် စပ်သောစကား ပစ္စဝေက္ခဏာဉာဏ်နှင့် စပ်သောစကားတို့တည်း။ မိတ်ဆွေကောင်း အဖော်သူငယ်ချင်းကောင်းရှိ၍ သူတော်ကောင်း၌ ကိုင်းရှိုင်းသော စိတ်ရှိသူ ရဟန်းအား ဤသို့ သဘောရှိသော စကားကို (နာကြားရန်) အလိုရှိတိုင်းရသူ မငြိုမငြင်ရသူ မပင်မပန်းရသူ ဖြစ်လိမ့်မည်''ဟူသော ဤအလုံးစုံကို မချွတ်ရလိမ့်မည်ဟု မျှော်လင့်အပ်၏။

မေဃိယ မိတ်ဆွေကောင်း အဖော်သူငယ်ချင်းကောင်းရှိ၍ သူတော်ကောင်း၌ ကိုင်းရှိုင်းသော စိတ်ရှိသည့်ရဟန်းအား ''အကုသိုလ်တရားကို ပယ်ရန် ကုသိုလ်တရားကို ပြည့်စုံစေရန် ထက်သန်သော လုံ့လ ရှိသူအားအစွမ်းရှိသူ မြဲမြံသော လုံ့လရှိသူ ကုသိုလ်တရားတို့၌ တာဝန်ကို ချမထားသူ ဖြစ်၍ နေလိမ့်မည်''ဟူသော ဤအလုံးစုံကို မချွတ်ရလိမ့်မည်ဟု မျှော်လင့်အပ်၏။

မေဃိယ မိတ်ဆွေကောင်း အဖော်သူငယ်ချင်းကောင်းရှိ၍ သူတော်ကောင်း၌ ကိုင်းရှိုင်းသော စိတ်ရှိသည့် ရဟန်းအား ''ပညာရှိ၍ အဖြစ်အပျက်ကို သိသော ကိလေသာကို ဖောက်ခွဲနိုင်သော အကြွင်းမဲ့ ဆင်းရဲကုန်ရာသို့ ရောက်ကြောင်းဖြစ်သော ဖြူစင်သော ပညာနှင့် ပြည့်စုံသူ ဖြစ်လိမ့်မည်''ဟူသော ဤအလုံးစုံကို မချွတ်ရလိမ့်မည်ဟု မျှော်လင့်အပ်၏။

မေဃိယ ထိုရဟန်းသည် ဤတရားငါးပါးတို့၌ တည်ပြီးလျှင် တစ်ဆင့်တက်၍ တရားလေးပါးတို့ကို ပွါးများရန် ရာဂကို ပယ်နိုင်ရန် အသုဘကို ပွါများရမည်၊ ဗျာပါဒကို ပယ်နိုင်ရန် မေတ္တာကို ပွါများရမည်၊ ဝိတက်ကို ဖြတ်တောက်နိုင်ရန် အာနာပါနဿတိကို ပွါများရမည်၊ ငါဟူသော မာန်ကို ပယ်နိုင်ရန် အနိစ္စသညာကို ပွါများရမည်။မှန်၏ မေဃိယ အနိစ္စသညာရှိသူအား အနတ္တသညာသည် ထင်၏။ အနတ္တသညာထင်သူသည် ငါဟူသော မာန်ကို ပယ်ခွါခြင်းသို့ ရောက်နိုင်၏။ ယခုဘဝ၌ပင် နိဗ္ဗာန်သို့ ရောက်နိုင်၏ဟု (မိန့်တော်မူ၏)။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ - ''ယုတ်ညံ့သော ဝိတက် သိမ်မွေ့သော ဝိတက်တို့သည် စိတ်သို့ အစဉ်လိုက်တတ်ကုန်၏။ စိတ်ပေါ်လွင်တက်ကြွမှုကို ပြုတတ်ကုန်၏။ ဤမနောဝိတက်တို့ကို မသိသူသည် စိတ်မတည်တံ့ဘဲ အာရုံတစ်ခုမှအာရုံတစ်ခုသို့ ပြေးသွားတတ်၏။

ထိုမနောဝိတက်တို့ကို သိ၍ ကိလေသာကို ပူပန်စေတတ်သော လုံ့လနှင့် သတိရှိသူ အကြင်ပုဂ္ဂိုလ်သည် စိတ်သို့ အစဉ်လိုက်တတ် စိတ်ပေါ်လွင် တက်ကြွမှုကို ပြုတတ်သော ဝိတက်တို့ကို ပိတ်ဆို့နိုင်၏။ ထိုပုဂ္ဂိုလ်သည် သစ္စာလေးပါကို သိသည်ဖြစ်၍ ထိုကာမဝိတက် စသည်တို့ကို အကြွင်းမဲ့ ပယ်စွန့်နိုင်၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

ပဌမသုတ်။