ဥဒါန်းပါဠိတော်

၂-ဥဒ္ဓတသုတ်

၃၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကုသိနာရုံမြို့ (တောင်တံခါး၏) အကွေ့ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်တော၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ များစွာသော ရဟန်းတို့သည် ပျံ့လွင့်ကုန် (အချည်းနှီး) မာနတက်ကုန် လျှပ်ပေါ်ကုန် နှုတ်ကြမ်းကုန် (ရောက်တတ်ရာရာ) ပြန့်ကျဲသော စကားရှိကုန် သတိကင်းကုန် ဆင်ခြင်ဉာဏ်မဲ့ကုန် မတည်ကြည်ကုန်တုန်လှုပ်သော စိတ်ရှိကုန် မစောင့်စည်းသော ဣန္ဒြေရှိကုန်လျက် မြတ်စွာဘုရား၏ မနီးမဝေးသောအရပ်ဖြစ်သော တောကျောင်း၌ နေကြကုန်၏။

မြတ်စွာဘုရားသည် ပျံ့လွင့်ကုန် (အချည်းနှီး) မာနတက်ကုန် လျှပ်ပေါ်ကုန် နှုတ်ကြမ်းကုန် (ရောက်တတ်ရာရာ) ပြန့်ကျဲသော စကားရှိကုန် သတိကင်းကုန် ဆင်ခြင်ဉာဏ်မဲ့ကုန် မတည်ကြည်ကုန် တုန်လှုပ်သော စိတ်ရှိကုန် မစောင့်စည်းသော ဣန္ဒြေရှိကုန်လျက် မနီးမဝေးသောအရပ်ဖြစ်သော တောကျောင်း၌ နေကြကုန်သော ရဟန်းတို့ကို မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''မစောင့်ရှောက်အပ်သော ကိုယ်အမူအရာဖြင့်လည်းကောင်း၊ မိစ္ဆာအယူ နှိပ်စက် အပ်ထိနမိဒ္ဓလွှမ်းမိုးအပ်သော စိတ်ဖြင့်လည်းကောင်း နေသော ရဟန်းသည် မာရ်၏ အလိုသို့ လိုက်ရ၏။ ထို့ကြောင့် ရဟန်းသည် စောင့်ရှောက်သော ကိုယ်စိတ်ရှိသူ ဖြစ်ရာ၏။မှန်ကန်သော ကြံစည်မှု 'သမ္မာသင်္ကပ္ပ'လျှင် ကျက်စားရာ အာရုံရှိသူ ဖြစ်ရာ၏။မှန်ကန်သော အယူကို ရှေ့သွားပြုသူဖြစ်ရာ၏။ သင်္ခါရတို့၏ ဖြစ် ပျက်မှုကို သိ၍ ထိနမိဒ္ဓကို နှိမ်နင်းကာ ဒုက္ခသုံးမျိုးတို့ အနှိပ်စက်ခံနေသော ဂတိအားလုံးတို့ကို စွန့်ပယ်နိုင်ရာ၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

ဒုတိယသုတ်။