ဥဒါန်းပါဠိတော်

၃-ဂေါပါလကသုတ်

၃၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသလ တိုင်း၌ များစွာသော ရဟန်းသံဃာနှင့်အတူ ဒေသစာရီ ကြွချီတော်မူလတ်သော် လမ်းခရီးမှ ဖဲ၍ တစ်ခုသော သစ်ပင်အနီးသို့ ချဉ်းကပ်ကာ ခင်းထားသောနေရာ၌ ထိုင်နေတော်မူ၏။

ထိုအခါ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်သော နွားကျောင်းသားကို မြတ်စွာဘုရားသည် တရားစကားဖြင့် အကျိုးစီးပွါးကို ကောင်းစွာပြလျက် တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန်ရွှင်လန်းစေ၏။

မြတ်စွာဘုရားက တရားစကားဖြင့် အကျိုးစီးပွါးကို ကောင်းစွာ ပြလျက် တရားကို ဆောက်တည် စေကာတရားကျင့်သုံးရန် ထက်သန်ရွှင်လန်းစေအပ်သော နွားကျောင်းသားသည် မြတ်စွာဘုရားအား့''အသျှင်ဘုရား မြတ်စွာဘုရားသည် နက်ဖြန် တပည့်တော်၏ ဆွမ်းကို ရဟန်းသံဃာနှင့်တကွ လက်ခံတော်မူပါ''ဟု (လျှောက်၏)။ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏။ ထို့နောက်ထိုနွားကျောင်းသားသည် မြတ်စွာဘုရား လက်ခံတော်မူသည်ကို သိ၍ နေရာမှ ထကာ မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုလျက် ဖဲသွား၏။

ထို့နောက် ထိုနွားကျောင်းသားသည် ထိုညဉ့်ကို လွန်သောအခါ၌ မိမိနေအိမ်ဝယ် ရေမပါသော များစွာသော နို့ဃနာဆွမ်းကိုလည်းကောင်း ထောပတ်သစ်ကိုလည်းကောင်း စီရင်စေ၍ မြတ်စွာဘုရားအား''အသျှင်ဘုရား အချိန်တန်ပါပြီ။ ဆွမ်းပြင်ပြီးပါပြီ''ဟု လျှောက်၏။ ထို့နောက် မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူဆောင်လျက် ရဟန်းသံဃာနှင့်အတူ ထိုနွားကျောင်းသားအိမ်သို့ ချဉ်းကပ်၍ ခင်းထားသောနေရာ၌ ထိုင်တော်မူ၏။ ထိုအခါ ထိုနွားကျောင်းသားသည်မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာကို ရေမပါသော နို့ဃနာဆွမ်းဖြင့်လည်းကောင်း၊ ထောပတ်သစ်ဖြင့်လည်းကောင်း ရောင့်ရဲသည့် တိုင်အောင် တားမြစ်သည့်တိုင်အောင်ကိုယ်တိုင် လုပ်ကျွေး၏။ ထို့နောက် နွားကျောင်းသားသည် မြတ်စွာဘုရား ဆွမ်းစားပြီး၍ သပိတ်မှလက်ကို ဖယ်ပြီးသောအခါ နိမ့်သော ထိုင်စရာတစ်ခုကို ယူပြီးလျှင် တစ်ခုသောအရပ်၌ ထိုင်နေ၏။ တစ်ခုသောအရပ်၌ ထိုင်နေသော ထိုနွား ကျောင်းသားကို မြတ်စွာဘုရားသည် တရားစကားဖြင့် အကျိုးစီးပွါးကို ကောင်းစွာ ပြလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူပြီးလျှင် နေရာမှထလျက် ဖဲကြွ တော်မူ၏။ ထို့နောက် မြတ်စွာဘုရားကြွသွား၍ မကြာမီ ထိုနွားကျောင်းသားကို ယောကျာ်းတစ်ယောက်သည် ရွာအကြား၌ ဇီဝိတိန္ဒြေမှ ချ (သတ်) ၏။

ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက်တစ်ခုသောအရပ်၌ ထိုင်နေကြပြီးလျှင် မြတ်စွာဘုရားအား ''အသျှင်ဘုရား ယနေ့ မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာကို ရေမပါသော နို့ဃနာဆွမ်းဖြင့်လည်းကောင်း၊ ထောပတ်သစ်ဖြင့်လည်းကောင်းရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင်ကိုယ်တိုင် လုပ်ကျွေးသော နွားကျောင်းသားကို ယောကျာ်းတစ်ယောက်သည် ရွာအကြား၌ ဇီဝိတိန္ဒြေမှ ချ (သတ်) အပ်ပါသတတ်''ဟု လျှောက်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''ခိုးသူသည် ခိုးသူကို မြင်၍ ရန်သူသည် မူလည်း ရန်သူကို မြင်၍ ထိုသူ၏ ပျက်စီးခြင်းကို ပြုရာ၏။ ဖောက်ပြန်၍ ဆောက်တည်သော စိတ်သည် ထိုစိတ်ရှိသူကို ထိုခိုးသူ ရန်သူတို့ထက်ပင် ယုတ်မာအောင်ပြုနိုင်၏''ဟု ဤဥဒါန်းကို ကျူးရင့် တော်မူ၏။

တတိယသုတ်။