ဥဒါန်းပါဠိတော်

၄-ယက္ခပဟာရသုတ်

၃၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာနှင့် အသျှင်မဟာမောဂ္ဂလ္လာန်တို့သည် ကပေါတကန္ဒရမည်သော ကျောင်း၌ နေကြကုန်၏။ ထိုအခါ၌ ဆံပင်ရိတ်ပြီးစဖြစ်သော အသျှင်သာရိပုတြာသည် လဆန်းပက္ခ ညဉ့်အခါတွင်လွင်တီးခေါင်၌ တစ်ခုသော (ဥပေက္ခာဗြဟ္မဝိဟာရ) သမာဓိကို ဝင်စားလျက် နေတော်မူ၏။

ထိုအခါ သူငယ်ချင်းဖြစ်သူ ဘီလူးနှစ်ယောက်တို့သည် မြောက်အရပ်မှ တောင်အရပ်သို့ တစ်ခုသော ပြုဖွယ်ကိစ္စဖြင့် သွားကုန်စဉ် လဆန်းပက္ခ ညဉ့်အခါတွင် လွင်တီးခေါင်၌ တစ်ခုသော (ဥပေက္ခာဗြဟ္မဝိဟာရ) သမာဓကို ဝင်စားလျက် ထိုင်နေတော်မူသော ဆံရိတ်ပြီးစဖြစ်သည့် အသျှင်သာရိပုတြာကို မြင်ကုန်၏။ မြင်ပြီး၍ ဘီလူးတစ်ယောက်သည် အဖော်ဘီလူးကို ''မိတ်ဆွေ ငါသည် ဤရဟန်း၏ ဦးခေါင်းကို ့ရိုက်ပုတ်လို၏''ဟု (ပြောဆို၏)။ ဤသို့ ပြောဆိုလတ်သော် ထိုအဖော်ဘီလူးသည် ထိုဘီလူးကို ''မိတ်ဆွေမသင့်၊ ရဟန်းကို မရိုက်ပုတ်ပါလင့်၊ မိတ်ဆွေ ထိုရဟန်းသည် မြင့်မြတ်လှပေ၏။ တန်ခိုးအာနုဘော်ကြီးလှပေ၏''ဟု ပြောဆို၏။

နှစ်ကြိမ်မြောက်လည်း ထိုဘီလူးသည် အဖော်ဘီလူးကို ''မိတ်ဆွေ ငါသည် ဤရဟန်း၏ ဦးခေါင်းကို ရိုက်ပုတ်လို၏''ဟု ပြောဆို၏။ နှစ်ကြိမ်မြောက်လည်း ''မိတ်ဆွေ မသင့်၊ ရဟန်းကို မရိုက်ပုတ်ပါလင့်၊ မိတ်ဆွေ ထိုရဟန်းသည် မြင့်မြတ်လှပေ၏။ တန်ခိုးအာနုဘော် ကြီးလှပေ၏''ဟု ပြောဆို၏။ သုံးကြိမ်မြောက်လည်း ထိုဘီလူးသည် အဖော်ဘီလူးကို ''မိတ်ဆွေ ငါသည် ဤရဟန်း၏ ဦးခေါင်းကို ရိုက်ပုတ်လို၏''ဟု ပြောဆို၏။ သုံးကြိမ်မြောက်လည်း ''မိတ်ဆွေ မသင့်၊ ရဟန်းကို မရိုက်ပုတ်ပါလင့်၊ မိတ်ဆွေထိုရဟန်းသည် မြင့်မြတ်လှပေ၏။ တန်ခိုးအာနုဘော် ကြီးလှပေ၏''ဟု ပြောဆို၏။ ထို့နောက် ထိုဘီလူးသည် ထိုအဖော်ဘီလူး၏ စကားကို မနာယူဘဲ အသျှင်သာရိပုတြာ၏ ဦးခေါင်းကို ရိုက်ပုတ်လေ၏။ ရိုက်ပုတ်ခြင်းသည် အလွန် ပြင်းထန်လှ၏။ ထိုရိုက်ပုတ်ခြင်းကြောင့် ခုနစ်တောင် ခုနစ်တောင့်ထွာရှိသော ဆင်ကိုသော်လည်း မြေသို့ နစ်မြုပ်စေရာ၏။ တောင်ထွတ်ကြီးကို မူလည်း အစိတ်စိတ် ပြိုကွဲစေရာ၏။ ထိုခဏ၌ပင် ထိုဘီလူးသည် ''ငါပူလောင်၏။ ငါပူလောင်၏''ဟု ဆိုလျက် ထိုအရပ်၌ပင်လျှင် (အဝီစိ) ငရဲကြီး၌ ကျရောက်၏။

အသျှင်မဟာမောဂ္ဂလ္လာန်သည် သန့်ရှင်းကြည်လင်၍ လူတို့၏ မျက်စိအမြင်ကို လွန်သော နတ်မျက်စိနှင့်တူသော မျက်စိ 'ဒိဗ္ဗစက္ခု'ဖြင့် အသျှင်သာရိပုတြာဦးခေါင်း၌ ဘီလူးရိုက်ပုတ်သည်ကို မြင်၍ အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်၍ အသျှင်သာရိပုတြာကို ''ငါ့သျှင် သင် ခန့်ကျန်းပါ၏လော၊ မျှတပါ၏လော၊ သင့်အား တစ်စုံတစ်ခုသော ဆင်းရဲမရှိပါ၏လော''ဟု လျှောက်၏။ ငါ့သျှင်မောဂ္ဂလ္လာန် ငါ ခန့်ကျန်းပါ၏။ မျှတပါ၏။ သို့ ရာတွင် ငါ၏ ဦးခေါင်း၌ အနည်းငယ် နာကျင်သကဲ့သို့ ဖြစ်၏''ဟု (မိန့်ဆို၏)။

ငါ့သျှင်သာရိပုတြာအံံ့သြဖွယ်ရှိပါပေ၏။ ငါ့သျှင်သာရိပုတြာ မဖြစ်ဖူးမြဲ ဖြစ်ပါပေ၏။ သင်သည်တန်ခိုးအာနုဘော်ကြီး၏။ ငါ့သျှင်သာရိပုတြာ ယနေ့ သင့်အား ဘီလူးတစ်ယောက်သည် ဦးခေါင်းကို ရိုက်ပုတ်၏။ ရိုက်ပုတ်ခြင်းသည် အလွန်ပြင်းထန်လှ၏။ ထိုရိုက်ပုတ်ခြင်းကြောင့် ခုနစ်တောင် ခုနစ်တောင့်ထွာရှိသော ဆင်ကိုသော်လည်း မြေသို့ နစ်မြုပ်စေရာ၏။ တောင်ထွဋ်ကြီးကို မူလည်း အစိတ်စိတ် ပြိုကွဲစေရာ၏။ သို့ပါလျက် အသျှင်သာရိပုတြာသည် ''ငါ့သျှင်မောဂ္ဂလ္လာန် ငါ ခန့်ကျန်းပါ၏။ မျှတပါ၏။ သို့ ရာတွင်ငါ၏ဦးခေါင်း၌ အနည်းငယ် နာကျင်သကဲ့သို့ ဖြစ်၏''ဟု ဆိုဘိ၏ဟု (ပြောဆို၏)။

ငါ့သျှင်မောဂ္ဂလ္လာန်အံံ့သြဖွယ်ရှိပါပေ၏။ ငါသျှင်မောဂ္ဂလ္လာန် မဖြစ်ဖူးမြဲ ဖြစ်ပါပေ၏။ အသျှင်မဟာမောဂ္ဂလ္လာန်သည် အလွန်တန်ခိုးအာနုဘော်ကြီးပါပေ၏။ ယင်းသို့ ဖြစ်သောကြောင့် ဘီလူးကို မူလည်း မြင်နိုင်ပေ၏။ ငါတို့မှာမူ မြေဘုတ်ဘီလူးကိုမျှလည်း မမြင်ဟု (ပြောဆို၏)။

မြတ်စွာဘုရားသည် သန့်ရှင်းကြည်လင်သော လူတို့၏နားအကြားကို လွန်သော နတ်တို့၏ နားနှင့်တူသော နား 'ဒိဗ္ဗသောတ'ဖြင့် ထိုရဟန္တာကြီးနှစ်ပါးတို့၏ ဤသို့ သဘောရှိသော စကားပြောဆိုမှုကို ကြား တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''အကြင်ရဟန္တာပုဂ္ဂိုလ်၏ စိတ်သည် ကျောက်တောင်နှင့် တူသည်ဖြစ်၍ တည်၏။ မတုန်လှုပ်၊ တပ်စွန်းဖွယ် အာရုံတို့၌ တပ်ခြင်းကင်း၏။ အမျက်ထွက်ဖွယ် အာရုံ၌ အမျက်မထွက်၊ အကြင်ရဟန္တာပုဂ္ဂိုလ်၏ စိတ်သည် ဤသို့ ပွါးများပြီး ဖြစ်၏။ ယင်းသို့ စိတ်ကို ပွါးများပြီး ဖြစ်သော ရဟန္တာပုဂ္ဂိုလ်သို့ ဆင်းရဲသည် အဘယ်မှာ ကပ်ရောက်နိုင်ပါမည်နည်း''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

စတုတ္ထသုတ်။