ဥဒါန်းပါဠိတော်

၅-နာဂသုတ်

၃၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းယောကျာ်း ရဟန်းမိန်းမဥပါသကာယောကျာ်း ဥပါသိကာမိန်းမ မင်း မင်းအမတ် တိတ္ထိ တိတ္ထိတပည့်တို့နှင့် ရောပြွမ်းလျက် နေရသည်ဖြစ်၍ ဆင်းရဲ၏။ ချမ်းသာစွာ မနေရ။ ထိုအခါ မြတ်စွာဘုရားအား ''ငါသည် ယခုအခါ ရဟန်းယောကျာ်း ရဟန်းမိန်းမ ဥပါသကာယောကျာ်း ဥပါသိကာမိန်းမ မင်း မင်းအမတ် တိတ္ထိ တိတ္ထိတပည့်တို့နှင့် ရောပြွမ်းလျက် နေရသည်ဖြစ်၍ ဆင်းရဲ၏။ ချမ်းသာစွာ မနေရ၊ ငါသည် ပရိသတ်အပေါင်းမှ (ထွက်၍) တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် နေရပါမူ ကောင်းလေစွ''ဟု အကြံသည် ဖြစ်၏။

ထို့နောက် မြတ်စွာဘုရားသည် နံနက်အချိန် သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက်ကောသမ္ဗီပြည်သို့ ဆွမ်းခံဝင်တော်မူ၏။ ကောသမ္ဗီပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးနောက်ဆွမ်းခံရွာမှ ဖဲကြွလျက်ကိုယ်တိုင် ကျောင်း အိပ်ရာ နေရာကို သိမ်းဆည်း၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် အလုပ်အကျွေးကိုလည်း မခေါ် ရဟန်းသံဃာကိုလည်း မပန်ကြားဘဲ အဖော်မပါ တစ်ပါးတည်းပါလိလေယျက တောအုပ်သို့ ဒေသစာရီကြွတော်မူ၏။ အစဉ်သဖြင့် ဒေသစာရီကြွတော်မူလတ်သော်ပါလိလေယျက တောအုပ်သို့ ဆိုက်ရောက် တော်မူ၏။ မြတ်စွာဘုရားသည် ထိုပါလိလေယျကရွာ ရက္ခိတတောအုပ် အင်ကြင်းပင်ပျိုအနီး၌ နေတော်မူ၏။

ဆင်ပြောင်ကြီးတစ်ကောင်သည်လည်း ဆင်ပေါက် ဆင်မ ဆင်ရွေ နို့စို့ဆင်ငယ်တို့နှင့် ရောပြွမ်းသည်ဖြစ်၍ အညွန့်ပြတ်ပြီးသော မြက်တို့ကိုလည်း စားရ၏။ ထိုဆင်ပြောင်ကြီး ချိုး၍ ချိုး၍ ချသော သစ်ခက်သစ်ကိုင်းကိုလည်း (အခြားဆင်တို့) စားကုန်၏။ (ထိုဆင်ပြောင်ကြီးသည်) နောက်ကျုကုန်သော ရေတို့ကိုလည်းသောက်ရ၏။ ရေဆိပ်မှတက်သော ထိုဆင်ပြောင်ကြီး၏ကိုယ်ကိုလည်း ဆင်မတို့သည် တိုးဝှေ့လျက် သွားကုန်၏။ ရောပြွမ်းသည်ဖြစ်၍ ဆင်းရဲ၏။ ချမ်းသာစွာ မနေရ။ ထိုအခါ ထိုဆင်ပြောင်ကြီးအား''ငါသည် ယခုအခါ၌ ဆင်ထီး ဆင်မ ဆင်ပေါက် ဆင်ငယ်တို့နှင့် ရောပြွမ်း၍ နေရ၏။ အဖျားပြတ်ပြီးသော မြက်တို့ကိုလည်း စားရ၏။ ငါ ချိုး၍ ချိုး၍ ချသော အကိုင်းအခက်ကိုလည်းဆင်ပေါက် ဆင်ငယ်တို့သည် စားကုန်၏။ နောက်ကျုသော ရေကိုလည်းသောက်ရ၏။ ရေဆိပ်မှတက်သော ငါ၏ကိုယ်ကိုလည်း ဆင်မတို့သည် တိုးဝှေ့လျက် သွားကုန်၏။ ငါသည်ရောပြွမ်းသည်ဖြစ်၍ ဆင်းရဲ၏။ ချမ်းသာစွာ မနေရ၊ ငါသည် ဆင်အုပ်မှ ထွက်၍ (တစ်ကောင်တည်း) ဆိတ်ငြိမ်ရာသို့ ကပ်လျက် နေရပါမူ ကောင်းလေစွ''ဟု ဤအကြံသည် ဖြစ်၏။

ထို့နောက် ထိုဆင်ပြောင်ကြီးသည် ဆင်အုပ်မှ ဖဲ၍ပါလိလေယျကရွာ ရက္ခိတတောအုပ် အင်ကြင်းပင်ပျိုအနီး၌ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ နေ၏။ ထိုအခါ ထိုဆင်ပြောင်ကြီးသည် မြတ်စွာဘုရားနေတော်မူရာ အရပ်ကိုလည်း စိမ်းစိုသော မြက်သစ်ပင်မရှိအောင် ပြု၏။ နှာမောင်းဖြင့်လည်း မြတ်စွာဘုရား၏သောက်ရေ သုံးဆောင်ရေကို တည်ထား၏။

ထို့နောက် ဆိတ်ငြိမ်ရာသို့ ကပ်လျက် တစ်ပါးတည်း ကိန်းအောင်းတော်မူသော မြတ်စွာဘုရားအား''ငါသည် ရှေးအခါ က ရဟန်းယောကျာ်း ရဟန်းမိန်းမ ဥပါသကာယောကျာ်း ဥပါသိကာမိန်းမ မင်းမင်းအမတ် တိတ္ထိ တိတ္ထိတပည့်တို့နှင့် ရောပြွမ်းလျက် နေရသည်ဖြစ်၍ ဆင်းရဲ၏။ ချမ်းသာစွာမနေရ၊ ''ထိုငါသည် ယခုအခါ၌ ရဟန်းယောကျာ်း ရဟန်းမိန်းမ ဥပါသကာယောကျာ်း ဥပါသိကာမိန်းမ မင်းမင်းအမတ် တိတ္ထိ တိတ္ထိတပည့်တို့နှင့် မရောပြွမ်းဘဲ နေသောကြောင့် ချမ်းသာစွာ နေရ၏''ဟု စိတ်အကြံ ဖြစ်၏။

ထိုဆင်ပြောင်ကြီးအားလည်း ''ငါသည် ရှေးအခါ က ဆင်ပေါက် ဆင်မ ဆင်ရွေ နို့စို့ဆင်ငယ်တို့နှင့်ရောပြွမ်းလျက် နေရသည်ဖြစ်၍ အညွန့်ပြတ်ပြီးသော မြက်တို့ကိုလည်း စားရ၏။ ငါ ချိုး၍ ချိုး၍ ချသောသစ်ခက် သစ်ကိုင်းကိုလည်း ဆင်ငယ်တို့သည် စားကုန်၏။ ငါသည် နောက်ကျုသော ရေတို့ကိုလည်းသောက်ရ၏။ ရေဆိပ်မှတက်သော ငါ၏ကိုယ်ကိုလည်း ဆင်မတို့သည် တိုးဝှေ့လျက် သွားကုန်၏။ ရောပြွမ်းသည်ဖြစ်၍ ဆင်းရဲ၏။ ချမ်းသာစွာ မနေရ။ ထိုငါသည် ယခုအခါ ဆင်ထီး ဆင်မ ဆင်ပေါက်ဆင်ငယ်တို့နှင့် မရောပြွမ်းဘဲ နေရ၏။ အဖျားမပြတ်သော မြက်တို့ကိုလည်း စားရ၏။ ငါ ချိုး၍ ချိုး၍ချသော သစ်ခက် သစ်ကိုင်းတို့ကိုလည်း ဆင်ငယ်တို့သည် မစားကုန်။ ကြည်လင်သော ရေတို့ကိုလည်းသောက်ရ၏။ ဆိပ်ကမ်းမှတက်သော ငါ၏ကိုယ်ကိုလည်း ဆင်မတို့သည် တိုးဝှေ့လျက် မသွားကုန်။ မရောပြွမ်းသောကြောင့် ချမ်းသာစွာ နေရ၏''ဟု ဤသို့ စိတ်အကြံ ဖြစ်၏။

ထို့နောက် မြတ်စွာဘုရားသည် မိမိ၏ ကာယဝိဝေကကို သိ၍ ထိုဆင်ပြောင်ကြီး၏ စိတ်အကြံကိုလည်းမိမိစိတ်ဖြင့် သိတော်မူ၍ ထိုသိသောအချိန်၌- ''ဘုရားတည်းဟူသော ဆင်ပြောင်ကြီးသည် တစ်ပါးတည်း တော၌ မွေ့လျော်ကုန်သကဲ့သို့ ဤဆင်ပြောင်ကြီးသည်လည်း တစ်စီးတည်း တော၌ မွေ့လျော်၏။ ထို့ကြောင့် မြတ်စွာဘုရားတည်းဟူသော ဆင်ပြောင်ကြီး၏ ထိုတစ်ပါးတည်း မွေ့လျော်သော စိတ်သည်လှည်းစွယ်ရန်းနှင့်တူသော အစွယ်ရှိသော ဆင်ပြောင်ကြီး၏ တစ်စီးတည်း မွေ့လျော်သော စိတ်နှင့်တူမျှ၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

ပဉ္စမသုတ်။