ဥဒါန်းပါဠိတော်

၆-ပိဏ္ဍောလသုတ်

၃၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အရညကင်ဓုတင် ပိဏ္ဍပါတ်ဓုတင် ပံသုကူဓုတင် တိစီဝရိတ်ဓုတင်ဆောင်ကာ အလိုနည်းသူ ရောင့်ရဲလွယ်သူ ဆိတ်ငြိမ်ရာသို့ ကပ်သူ မရောနှောသူ ထက်သန်သော ဝီရိယရှိသူ ဓုတင်တရားကို ဟောပြောတတ်သူ လွန်ကဲသော အရဟတ္တဖိုလ်သမာဓိ စိတ်ကို မပြတ်အားထုတ်သူ အသျှင်ပိဏ္ဍောလဘာရဒွါဇသည် မြတ်စွာဘုရား၏ မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေ၏။

မြတ်စွာဘုရားသည် အရညကင်ဓုတင် ပိဏ္ဍပါတ်ဓုတင် ပံသုကူဓုတင် တိစီဝရိတ်ဓုတင်ဆောင်ကာအလိုနည်းသူ ရောင့်ရဲလွယ်သူ ဆိတ်ငြိမ်ရာသို့ ကပ်သူ မရောနှောသူ ထက်သန်သော ဝီရိယရှိသူ ဓုတင်တရားကို ဟောပြောတတ်သူ လွန်ကဲသော အရဟတ္တဖိုလ်သမာဓိစိတ်ကို မပြတ်အားထုတ်သူ အသျှင်ပိဏ္ဍောလဘာရဒွါဇကို မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသည်ကို မြင်တော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -''တစ်စုံတစ်ယောက်ကိုမျှ နှုတ်ဖြင့် မစွပ်စွဲခြင်းလည်းကောင်း၊ ကိုယ်ဖြင့် မညှဉ်း ဆဲခြင်းလည်းကောင်း၊ပါတိမောက္ခသီလ၌ စောင့်စည်းခြင်းလည်းကောင်း၊ ဘောဇဉ်၌ အတိုင်းအရှည်ကို သိခြင်းလည်းကောင်း၊ ဆိတ်ငြိမ်သော ကျောင်း အိပ်ရာ နေရာ၌ နေခြင်းလည်းကောင်း၊ လွန်ကဲသော စိတ်၌အားထုတ်ခြင်းလည်းကောင်း ဤကား မြတ်စွာဘုရားတို့၏ အဆုံးအမတော်တည်း''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

ဆဋ္ဌသုတ်။