ဥဒါန်းပါဠိတော်

၇-သာရိပုတ္တသုတ်

၃၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည့်အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အလိုနည်းသူရောင့်ရဲလွယ်သူ ဆိတ်ငြိမ်ရာသို့ ကပ်သူ မရောနှောသူ ထက်သန်သော ဝီရိယရှိသူ လွန်ကဲသော စိတ်ကို မပြတ်အားထုတ်သူ အသျှင်သာရိပုတြာသည် မြတ်စွာဘုရား၏ မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေ၏။

မြတ်စွာဘုရားသည် အလိုနည်းသူ ရောင့်ရဲလွယ်သူ ဆိတ်ငြိမ်ရာသို့ ကပ်သူ မရောနှောသူ ထက်သန်သော ဝီရိယရှိသူ လွန်ကဲသော စိတ်ကို မပြတ်အားထုတ်သူ အသျှင်သာရိပုတြာကို မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသည်ကို မြင်တော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -''လွန်ကဲသော စိတ်ရှိလျက် မမေ့မလျော့မူ၍ အရဟတ္တမဂ်ဉာဏ်၏ လမ်းကြောင်း တရားတို့၌ ကျင့်ကာငြိမ်သက်စွာသောအခါ ခပ်သိမ်းသတိရှိသောတာဒိဂုဏ်နှင့် ပြည့်စုံသော ရဟန္တာပုဂ္ဂိုလ်အား စိုးရိမ်သောကတို့သည် မဖြစ်ကုန်''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

သတ္တမသုတ်။