ဥဒါန်းပါဠိတော်

၈-သုန္ဒရီသုတ်

၃၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် အရိုအသေပြုမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို ခံယူလျက် သင်္ကန်း ဆွမ်း ကျောင်းသူနာတို့၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်တို့ကို ရရှိ၏။ ရဟန်းသံဃာသည်လည်း အရိုအသေပြုမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို ခံယူလျက် သင်္ကန်း ဆွမ်း ကျောင်းသူနာတို့၏ အထောက်အပံ့ဖြစ်သော ဆေး အသုံးအဆောင်တို့ကို ရရှိ၏။ သာသနာတော်မှပြင်ပဖြစ်သောတိတ္ထိပရိဗိုဇ်တို့သည်ကား အရိုအသေပြုမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို မခံယူကြကုန်ဘဲ သင်္ကန်း ဆွမ်း ကျောင်း သူနာတို့၏ အထောက်အပံ့ ဖြစ်သော ဆေးအသုံးအဆောင်တို့ကို မရရှိကုန်။

ထိုအခါ သာသနာတော်ပြင်ပမှဖြစ်သော ထိုတိတ္ထိပရိဗိုဇ်တို့သည် မြတ်စွာဘုရားအားလည်းကောင်း၊ ရဟန်းသံဃာအားလည်းကောင်း အရိုအသေပြုခံရသည်ကိုသည်းမခံနိုင်ကြသောကြောင့် သုန္ဒရီပရိဗိုဇ်မထံသို့ ချဉ်းကပ်လျက် သုန္ဒရီပရိဗိုဇ်မကို ''နှမ သင်သည် ဆွေမျိုးတို့၏ အကျိုးကို ပြုခြင်းငှါ စွမ်းနိုင်၏''ဟု ပြောကုန်၏။ အသျှင်တို့ အကျွန်ုပ်သည် အဘယ်ကို ပြုရပါမည်နည်း? အကျွန်ုပ်သည် အဘယ်ကို ပြုခြင်းငှါ မစွမ်းနိုင်ဘဲ ရှိပါမည်နည်း? ဆွေမျိုးတို့၏ အကျိုးငှါ အကျွန်ုပ်၏ အသက်ကို စွန့်နိုင်ပါ၏ဟု (ပြောဆို၏)။

နှမသို့ ဖြစ်လျှင် ဇေတဝန်ကျောင်းသို့ မပြတ်သွားပါဟု ပြောကုန်၏။ ''အသျှင်တို့ ကောင်းပါပြီ''ဟု သုန္ဒရီပရိဗိုဇ်မသည် ထိုသာသနာပြင်ပဖြစ်သောတိတ္ထိပရိဗိုဇ်တို့၏ (စကားကို) ဝန်ခံ၍ ဇေတဝန်ကျောင်းတော်သို့ မပြတ်သွား၏။

သာသနာပြင်ပဖြစ်သော ထိုတိတ္ထိပရိဗိုဇ်တို့သည် ''သုန္ဒရီပရိဗိုဇ်မသည် ဇေတဝန်ကျောင်းသို့ မပြတ်သွားသည်ကို လူအများ မြင်၏''ဟု သိကြသောအခါ ထိုသုန္ဒရီပရိဗိုဇ်မကို သတ်၍ ထိုအရပ်၌ပင်လျှင်ဇေတဝန်ကျောင်းတော်အနီး (ပန်းမှိုက်စွန့်ရာ) မြောင်းထဲ၌ ပစ်ချထားပြီးလျှင် ပသေနဒီကောသလမင်းထံသို့ ချဉ်းကပ်လျက် ပသေနဒီကောသလမင်းကို ''မင်းကြီး အကျွန်ုပ်တို့ သုန္ဒရီပရိဗိုဇ်မကို မတွေ့မြင်ရတော့ပါ''ဟု ပြောဆိုကုန်၏။ အသျှင်တို့သည် အဘယ်အရပ်၌ ယုံမှားကြပါသနည်းဟု (မေး၏)။ မင်းကြီး ဇေတဝန်ကျောင်း၌ ယုံမှားကြပါကုန်၏ဟု (ဆိုကြကုန်၏)။ သို့ ဖြစ်လျှင် ဇေတဝန်ကျောင်းကို ့ (စူးစမ်း) ရှာ ဖွေကြကုန်လော့ဟု (ဆို၏)။

ထိုအခါ သာသနာပြင်ပဖြစ်သော ထိုတိတ္ထိပရိဗိုဇ်တို့သည် ဇေတဝန်ကျောင်းကို စူးစမ်း ရှာဖွေ၍ (မိမိတို့) ပစ်ချထားခဲ့သော အလောင်းကောင်ကို မြောင်းအတွင်းမှ ထုတ်လျက် ညောင်စောင်းငယ်သို့ တင် ပြီးလျှင်သာဝတ္ထိမြို့တွင်းသို့ သွင်းကြ၍ လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံ တစ်ခုသို့ ချဉ်းကပ်လျက် လူတို့ကို ကဲ့ရဲ့စေကုန်၏။

အမောင်တို့ သာကီဝင်မင်းသား ရဟန်းတို့၏ အမှုကို ကြည့်ကြကုန်လော့၊ ဤသာကီဝင်မင်းသားရဟန်းတို့သည် အရှက်မရှိကုန်။ သီလမရှိကုန်။ ယုတ်ညံ့သော သဘောရှိကုန်၏။ မဟုတ်မမှန် ပြောဆိုကုန်၏။ မမြတ်သောအကျင့်ကို ကျင့်ကြကုန်၏။ သို့ စဉ်လျက် ဤရဟန်းတို့သည် တရားကျင့်ကုန်၏။ ကိုယ်ကျင့်ကောင်းကုန်၏။ မြတ်သောအကျင့်ကို ကျင့်ကြကုန်၏။ အမှန်ကို ပြောဆိုကြကုန်၏။ သီလရှိကုန်၏။ ကောင်းသော သဘောရှိကုန်၏ဟု ဝန်ခံကြကုန်ဘိသေး၏။ ဤရဟန်းတို့အား ရဟန်း၏အကျင့်သည် မရှိ၊ မြတ်သောအကျင့်သည် မရှိ၊ ဤရဟန်းတို့အား ရဟန်းအကျင့်သည် ပျောက်ကင်း၏။ မြတ်သောအကျင့်သည် ပျောက်ကင်း၏။ ဤရဟန်းတို့အား ရဟန်းအကျင့်သည် အဘယ်မှာ ရှိအံ့နည်း? မြတ်သောအကျင့်သည် အဘယ်မှာ ရှိအံ့နည်း? ဤရဟန်းတို့သည် ရဟန်းအကျင့်မှ ကင်းကုန်၏။ ဤရဟန်းတို့သည် မြတ်သောအကျင့်မှ ကင်းကုန်၏။ ယောကျာ်းသည် ယောကျာ်း၏ အမှုကို ပြုပြီးလျှင်မိန်းမကို အဘယ့်ကြောင့် သတ်ရဘိသနည်းဟု (ကဲ့ရဲ့စေကုန်၏)။

ထိုအခါ၌သာဝတ္ထိမြို့တွင်းဝယ် လူတို့သည် ရဟန်းတို့ကို မြင်လျှင် မလျော်သော ကြမ်းတမ်းသော စကားတို့ဖြင့် ဆဲရေးကုန်၏။ ရေရွတ်ကုန်၏။ ခြုတ်ခြယ်ကုန်၏။ ညှဉ်းဆဲကုန်၏- ဤသာကီဝင်မင်းသားရဟန်းတို့သည် အရှက်မရှိကုန်။ သီလမရှိကုန်။ ယုတ်မာသော သဘောရှိကုန်၏။ မဟုတ်မမှန် ပြောကုန်၏။ မမြတ်သောအကျင့်ကို ကျင့်ကုန်၏။ သို့ စဉ်လျက် ဤရဟန်းတို့သည် တရားကျင့်ကုန်၏။ ကိုယ်ကျင့်ကောင်းကုန်၏။ မြတ်သောအကျင့်ကို ကျင့်ကြကုန်၏။ အမှန်ကို ပြောဆိုကြကုန်၏။ သီလရှိကုန်၏။ ကောင်းသော သဘော ရှိကုန်၏ဟူ၍ ဝန်ခံကုန်ဘိသေး၏။ ဤရဟန်းတို့အား ရဟန်း၏ အကျင့်သည်မရှိ၊ မြတ်သောအကျင့်သည် မရှိ၊ ဤရဟန်းတို့အား ရဟန်းအကျင့်သည် ပျောက်ကင်း၏။ မြတ်သောအကျင့်သည် ပျောက်ကင်း၏။ ဤရဟန်းတို့အား ရဟန်းအကျင့်သည် အဘယ်မှာ ရှိအံ့နည်း? မြတ်သောအကျင့်သည် အဘယ်မှာ ရှိအံ့နည်း? ဤရဟန်းတို့သည် ရဟန်းအကျင့်မှ ကင်းကုန်၏။ ဤရဟန်းတို့သည် မြတ်သောအကျင့်မှ ကင်းကုန်၏။ ယောကျာ်းသည် ယောကျာ်း၏ အမှုကို ပြုပြီးလျှင် မိန်းမကို အဘယ့်ကြောင့် သတ်ရဘိသနည်းဟု (ကဲ့ရဲ့ကုန်၏)။

ထိုအခါ များစွာသော ရဟန်းတို့သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် သာဝတ္ထိမြို့သို့ ဆွမ်းခံဝင်ကုန်၏။ သာဝတ္ထိမြို့၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးနောက်ဆွမ်းခံရွာမှ ဖဲကြကုန်လျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေကြ ပြီးသော် မြတ်စွာဘုရားအား ဤသို့ လျှောက်ကုန်၏ -

အသျှင်ဘုရား ယခုအခါ သာဝတ္ထိမြို့၌ လူတို့သည် ရဟန်းတို့ကို မြင်လျှင် မလျော်သော ကြမ်းတမ်းသော စကားတို့ဖြင့် ဆဲရေးပါကုန်၏။ ရေရွတ်ပါကုန်၏။ ခြုတ်ခြယ်ပါကုန်၏။ ညှဉ်းဆဲပါကုန်၏''ဤသာကီဝင်မင်းသား ရဟန်းတို့သည် အရှက်မရှိကုန်။ သီလမရှိကုန်။ ယုတ်မာသော သဘောရှိကုန်၏။ မဟုတ်မမှန် ပြောဆိုကုန်၏။ မမြတ်သောအကျင့်ကို ကျင့်ကုန်၏။ သို့ စဉ်လျက် ဤရဟန်းတို့သည် တရား ကျင့်ကုန်၏။ ကိုယ်ကျင့် ကောင်းကုန်၏။ မြတ်သောအကျင့်ကို ကျင့်ကုန်၏။ အမှန်ကို ပြောဆိုကြကုန်၏။ သီလရှိကုန်၏။ ကောင်းသော သဘောရှိကုန်၏ဟူ၍ ဝန်ခံဘိကုန်သေး၏။ ဤရဟန်းတို့အား ရဟန်း၏ အကျင့်သည် မရှိ၊ မြတ်သောအကျင့်သည် မရှိ၊ ဤရဟန်းတို့အားရဟန်းအကျင့်သည် ပျောက်ကင်း၏။ မြတ်သောအကျင့်သည် ပျောက်ကင်း၏။ ဤရဟန်းတို့အား့ရဟန်းအကျင့်သည် အဘယ်မှာ ရှိအံ့နည်း? မြတ်သောအကျင့်သည် အဘယ်မှာ ရှိအံ့နည်း? ဤရဟန်းတို့သည် ရဟန်းအကျင့်မှ ကင်းကုန်၏။ ဤရဟန်းတို့သည် မြတ်သောအကျင့်မှ ကင်းကုန်၏။ ယောကျာ်းသည် ယောကျာ်း၏ အမှုကို ပြုပြီးလျှင် မိန်းမကို အဘယ့်ကြောင့် သတ်ရဘိသနည်း''ဟု ကဲ့ရဲ့ကြပါကုန်၏ဟု (လျှောက်ကုန်၏)။

ရဟန်းတို့ ထိုအသံသည် ကြာမြင့်စွာ မဖြစ်နိုင်၊ ခုနစ်ရက်မျှသာ ဖြစ်လိမ့်မည်၊ ခုနစ်ရက်လွန်လျှင်ကွယ်ပျောက်လိမ့်မည်။ ရဟန်းတို့ ထိုသို့ ဖြစ်မူ ရဟန်းတို့ကို မြင်လျှင် မလျော်ကြမ်းတမ်းသော စကားတို့ဖြင့် ဆဲရေးကုန် ရေရွတ်ကုန် ခြုတ်ခြယ်ကုန် ညှဉ်းဆဲကုန်သော လူတို့ကို -

''မဟုတ်မမှန်ပြောလေ့ရှိသူသည် ငရဲသို့ ကျရောက်ရ၏။ မကောင်းမှုပြုပြီးလျှင် ငါ မပြုဟု ဆိုသူသည်လည်း ငရဲသို့ ကျရောက်ရ၏။ ယုတ်ညံ့သော အမှုရှိကြသည့် ထိုသူနှစ်ယောက်တို့သည် ဤဘဝမှတစ်ပါးသောတမလွန်ဘဝ၌ တူမျှစွာ ဖြစ်ကြရကုန်၏''ဟု ဤဂါထာဖြင့်ပြန်လည်ချေပကြကုန်လော့ဟု (မိန့်တော်မူ၏)။

ထို့နောက် ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ အထံ၌ ဤဂါထာကို သင်ပြီး၍ ရဟန်းတို့ကို မြင်လျှင်မလျော် ကြမ်းတမ်းသော စကားတို့ဖြင့် ဆဲရေးကုန် ရေရွတ်ကုန် ခြုတ်ခြယ်ကုန်ညှဉ်းဆဲကုန်သော လူတို့ကို ရဟန်းတို့သည် -

''မဟုတ်မမှန်ပြောလေ့ရှိသူသည် ငရဲသို့ ကျရောက်ရ၏။ မကောင်းမှုပြုပြီးလျှင် ငါ မပြုဟု ဆိုသူသည်လည်း ငရဲသို့ ကျရောက်ရ၏။ ယုတ်ညံ့သော အမှုရှိကြသည့် ထိုသူနှစ်ယောက်တို့သည် ဤဘဝမှတစ်ပါးသောတမလွန်ဘဝ၌ တူမျှစွာ ဖြစ်ကြရကုန်၏''ဟု ဤဂါထာဖြင့် ပြန်လည် ချေပကြကုန်၏။

''ဤသာကီဝင်မင်းသား ရဟန်းတို့သည် အပြစ်မရှိကုန်။ ဤသာကီဝင်မင်းသား ရဟန်းတို့သည် (မကောင်းမှုကို) မပြုအပ်၊ ဤသာကီဝင်မင်းသား ရဟန်းတို့သည် ကျိန်စာဆိုကြပေကုန်၏''ဟု လူတို့အား ဤအကြံသည် ဖြစ်၏။ ထိုအသံသည် ကြာမြင့်စွာ မဖြစ်တော့ပေ၊ ခုနစ်ရက်မျှသာလျှင် ဖြစ်၏။ ခုနစ်ရက်လွန်သောအခါ ကွယ်ပျောက်တော့၏။

ထို့နောက် များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား အသျှင်ဘုရားအံ့သြဖွယ် ကောင်းပါပေစွ၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ''ရဟန်းတို့ ဤအသံသည် ကြာမြင့်စွာ မဖြစ်နိုင်၊ ခုနစ်ရက်မျှသာ ဖြစ်လိမ့်မည်၊ ခုနစ်ရက်လွန်လျှင် ကွယ်ပျောက်လိမ့်မည်''ဟူသော ဤစကားကို အလွန်ကောင်းစွာ ဆိုတော်မူပါပေ၏။ အသျှင်ဘုရား ထိုအသံသည် ကွယ်ပျောက်သွားပါပြီဟု လျှောက်ကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -''စစ်မြေပြင်သို့ ရောက်သော ဆင်ပြောင်ကြီးကို မြားလှံကန်တို့ဖြင့် ထိုးဆွသကဲ့သို့ ကိုယ် နှုတ် နှလုံးမစောင့်စည်းသော လူတို့သည် သူတစ်ပါးတို့ကို နှုတ်လှံကန်ဖြင့် ထိုးဆွကုန်၏။ ရဟန်းသည် သူတစ်ပါးတို့ ပြောဆိုအပ်သော ကြမ်းသော စကားကို ကြားရသောကြောင့် ဒေါသစိတ်မရှိဘဲသည်းခံရာ၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

အဋ္ဌမသုတ်။