ဥဒါန်းပါဠိတော်

၉-ဥပသေနသုတ်

၃၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဝင်္ဂန္တပုဏ္ဏား၏သား အသျှင်ဥပသေနအား တစ်ယောက်တည်း ဆိတ်ငြိမ်ရာအရပ်သို့ ကိန်းအောင်းစဉ့်''ငါသည် အရတော်ပေစွ၊ ငါသည် ကောင်းစွာ ရအပ်ပေစွ၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ငါ၏ ဆရာပေတည်း။ ငါသည် လူ့ဘောင်မှ ထွက်ခဲ့၍ ကောင်းစွာ ဟောအပ်သော ဓမ္မဝိနယ 'သာသနာတော်'၌ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့သူလည်း ဖြစ်၏။ ငါ၏ သီတင်းသုံးဖော်တို့သည်လည်း သီလရှိကုန်၏။ ကောင်းသော သဘောရှိကုန်၏။ ငါသည် သီလတို့၌ ဖြည့်ကျင့်ရသူလည်း ဖြစ်၏။ ငါသည် ကောင်းစွာ တည်ကြည်၍ မပြန့်လွင့်သော စိတ်ရှိသူလည်း ဖြစ်၏။ ငါသည် အာသဝေါကုန်ခန်းသော ရဟန္တာလည်း ဖြစ်၏။ ငါသည်ကြီးသောတန်ခိုးအာနုဘော်ရှိသူလည်း ဖြစ်၏။ ငါ့အား အသက်ရှင်ခြင်းသည်လည်းကောင်း၊ သေရခြင်းသည်လည်းကောင်း ကောင်း၏''ဟု ဤသို့ စိတ်အကြံဖြစ်၏။

ထိုအခါ မြတ်စွာဘုရားသည် ဝင်္ဂန္တပုဏ္ဏား၏သား အသျှင်ဥပသေန၏ စိတ်အကြံကို မိမိစိတ်ဖြင့်ပိုင်းခြားသိ၍ ထိုသိသောအချိန်၌- ''အကြင်ရဟန္တာပုဂ္ဂိုလ်ကို ရှိနေဆဲ အသက်သည်လည်း မနှိပ်စက်နိုင်၊ အကြင် ရဟန္တာ ပုဂ္ဂိုလ်သည် သေခါနီးအခါ၌လည်း မစိုးရိမ်၊ နိဗ္ဗာန်ကို မြင်ပြီးသော ပညာ ရှိသော ထိုရဟန္တာပုဂ္ဂိုလ်သည် စိုးရိမ်သူတို့အလယ်၌ မစိုးရိမ်ရတော့ပေ။

ဘဝတဏှာ ဖြတ်တောက်ပြီး၍ ငြိမ်သက်သော စိတ်ရှိသူအား ဇာတိတည်းဟူသော သံသရာသည်ကုန်ခဲ့ပြီ။ ထိုရဟန်းအား တစ်ဖန် ဘဝအသစ် မရှိတော့ပြီ''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

နဝမသုတ်။