ဥဒါန်းပါဠိတော်

၁-ပိယတရသုတ်

၄၁။ အကျွန်ုပ်သည်ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ပသေနဒီကောသလမင်းသည်မလ္လိကာမိဖုရားနှင့်အတူ မြတ်သော ပြာသာဒ်ထက်၌ တည်နေ၏။ ထိုအခါ ပသေနဒီကောသလမင်းသည် မလ္လိကာမိဖုရားအား ''မလ္လိကာ သင့်အား မိမိထက်ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက်ရှိသေးသလော''ဟု ပြောဆို၏။

မင်းကြီး ကျွန်တော်မအား မိမိထက်ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက်မျှ မရှိပါ၊ မင်းကြီး အရှင်မင်းကြီးအားမူ မိမိထက်ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက်ရှိပါသေးသလောဟု (မေး၏)။ မလ္လိကာ ငါ့အားလည်း မိမိထက်ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက်မျှ မရှိပါဟု (ပြောဆို၏)။

ထို့နောက်ပသေနဒီကောသလမင်းသည် ပြာသာဒ်မှ သက်ဆင်း၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက်တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရားကို- အသျှင်ဘုရား ယနေ့ တပည့်တော်သည် မလ္လိကာမိဖုရားကြီးနှင့်အတူ မြတ်သော ပြာသာဒ်ထက်၌ တည်နေလျက် မလ္လိကာမိဖုရားကြီးကို ''မလ္လိကာ သင့်အား မိမိထက်ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက် ရှိသေးသလော''ဟု ပြောဆိုပါ၏။ ဤသို့ဆိုသော် မလ္လိကာမိဖုရားသည် တပည့်တော်ကို ''မင်းကြီး ကျွန်တော်မအား မိမိထက်ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက်မျှ မရှိပါ၊ အရှင်မင်းကြီးအားမူ မိမိထက်ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက် ရှိပါသေးသလော''ဟု မေးပါ၏။ ဤသို့မေးသော် အသျှင်ဘုရား တပည့်တော်သည် မလ္လိကာ မိဖုရားကို ''မလ္လိကာ ငါ့အားလည်း မိမိထက်ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက်မျှ မရှိ''ဟု ဤသို့ ပြောဆိုပါသည်ဟု (လျှောက်၏)။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -''အလုံးစုံ အရပ်တို့သို့ စိတ်ဖြင့် အစဉ်လျှောက်၍ ရှာဖွေသော်လည်း မိမိထက်ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက်ကိုမျှ မရနိုင်၊ ဤသို့ သူတစ်ပါးတို့ထက် မိမိကိုယ်ကို အသီးအခြား ချစ်၏။ ထို့ကြောင့် မိမိအကျိုးစီးပွါး လိုလားသူသည် သူတစ်ပါးကို မညှဉ်းဆဲရာ''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

ပဌမသုတ်။