ဥဒါန်းပါဠိတော်

၄-ကုမာရကသုတ်

၄၄။ အကျွန်ုပ်သည်ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ များစွာသောသူငယ်တို့သည်သာဝတ္ထိပြည်နှင့် ဇေတဝန်ကျောင်းတော်အကြား၌ ငါးဖမ်းနေကြကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက်သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်တော်မူ၏။ မြတ်စွာဘုရားသည် သာဝတ္ထိပြည်နှင့်ဇေတဝန်ကျောင်းတော်အကြား၌ ငါးဖမ်းနေကြကုန်သော များစွာသောသူငယ်တို့ကို မြင်၍သူငယ်တို့ထံသို့ ချဉ်းကပ်ပြီးလျှင်သူငယ်တို့ကို ''သူငယ်တို့ သင်တို့သည် ဆင်းရဲကို မနှစ်သက်ကြမူ၍ဆင်းရဲမှ ကြောက်ကြကုန်၏ လော''ဟု (မိန့်တော်မူ၏)။မှန်ပါသည်အသျှင်ဘုရား၊ အသျှင်ဘုရားတပည့်တော်တို့သည် ဆင်းရဲကို မနှစ်သက်ကြမူ၍ ဆင်းရဲမှ ကြောက်ကြပါကုန်၏''ဟု (လျှောက်ကုန်၏)။

ထို့နောက်မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''သင်တို့သည် အကယ်၍ ဆင်းရဲမှ ကြောက်ကုန်မူ ဆင်းရဲကို မနှစ်သက်ကြကုန်မူ မျက်မှောက်၌ ဖြစ်စေ၊ မျက်ကွယ်၌ ဖြစ်စေ မကောင်းမှုကို မပြုကြကုန်လင့်၊ သင်တို့သည် ယုတ်မာသော မကောင်းမှုကံကို ယခုလည်းပြု နောင်လည်း ပြုမည်ဖြစ်ကြမူ ဖဲရှောင်ထွက်ပြေးကုန်သော်လည်း သင်တို့အား ဆင်းရဲမှလွတ်မြောက်မှု မရှိနိုင်''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

စတုတ္ထသုတ်။