ဥဒါန်းပါဠိတော်

၅-ဥပေါသထသုတ်

၄၅။ အကျွန်ုပ်သည်ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း မိဂါရမာတာဝိသာခါ၏ ပြာသာဒ်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုဥပုသ်နေ့၌ ရဟန်းသံဃာခြံရံလျက် နေတော်မူ၏။

ထိုအခါ အသျှင်အာနန္ဒာသည် ညဉ့်နက်သည်ဖြစ်၍ ပဌမယံလွန်လတ်သော် နေရာမှ ထကာ လက်ဝဲတစ်ဖက်ပခုံးထက်၌ ဧကသီကို စံပယ်တင်၍ မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီလျက် ဤစကားကို လျှောက်၏ ''အသျှင်ဘုရား ညဉ့်နက်ပါပြီ။ ပဌမယံ လွန်ပါပြီ။ ရဟန်းသံဃာထိုင်နေရသည်မှာကြာမြင့်ပါပြီ။ အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းတို့အားပါတိမောက်ကို ပြတော်မူပါ''ဟု လျှောက်သော် မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေတော်မူ၏။

နှစ်ကြိမ်မြောက်လည်း အသျှင်အာနန္ဒာသည် ညဉ့်နက်သည်ဖြစ်၍ မဇ္ဈိမယံလွန်လတ်သော် နေရာမှ ထကာလက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍ မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီလျက်''အသျှင်ဘုရား ညဉ့်နက်ပါပြီ။ မဇ္ဈိမယံ လွန်ပါပြီ။ ရဟန်းသံဃာထိုင်နေရသည်မှာ ကြာမြင့်ပါပြီ။ အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းတို့အားပါတိမောက်ကို ပြတော်မူပါ''ဟု လျှောက်၏။ နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေတော်မူ၏။

သုံးကြိမ်မြောက်လည်း အသျှင်အာနန္ဒာသည် ညဉ့်နက်သဖြင့် ပစ္ဆိမယံလွန်၍ နှစ်သက်ဖွယ်မျက်နှာကဲ့သို့ အရုဏ်တက်လတ်သော် နေရာမှ ထကာ လက်ဝဲတစ်ဖက်ပခုံးထက်၌ ဧကသီကို စံပယ်တင်၍မြတ်စွာဘုရား ရှိရာသို့ လက်အုပ်ချီလျက် ''အသျှင်ဘုရား ညဉ့်နက်ပါပြီ။ ပစ္ဆိမယံလွန်၍ နှစ်သက်ဖွယ်မျက်နှာကဲ့သို့ အရုဏ်တက်ပါပြီ။ ရဟန်းသံဃာထိုင်နေရသည်မှာ ကြာမြင့်လှပါပြီ။ အသျှင်ဘုရားမြတ်စွာဘုရားသည် ရဟန်းတို့အားပါတိမောက်ကို ပြတော်မူပါ''ဟု လျှောက်ထား၏။ အာနန္ဒာ ပရိသတ်မစင်ကြယ်သေးဟု (မိန့်တော်မူ၏)။

ထိုအခါ ''မြတ်စွာဘုရားက အဘယ်သူကို ရည်၍ 'အာနန္ဒာ ပရိသတ်မစင်ကြယ်သေး'ဟု '' မိန့်တော်မူသနည်းဟု အသျှင်မဟာမောဂ္ဂလ္လာန်အား အကြံဖြစ်၏။ ထို့နောက် အသျှင်မဟာမောဂ္ဂလ္လာန်သည်အလုံးစုံပါဝင်သော ရဟန်းအပေါင်း၏ စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍ နှလုံးသွင်းတော်မူ၏။ အသျှင်မဟာမောဂ္ဂလ္လာန်သည် ယုတ်ညံ့သောအကျင့်ရှိသော မစင်ကြယ်သည်ဖြစ်၍ ယုံမှားတွေးတောဖွယ်အကျင့်ရှိသော အမှုကို ဖုံးကွယ်သော ရဟန်းမဟုတ်ဘဲ ရဟန်းဟု ဝန်ခံသော မြတ်သောအကျင့်ကို မကျင့်ဘဲ မြတ်သောအကျင့်ကို ကျင့်၏ဟု ဝန်ခံသော အတွင်းပုပ်သော ကိလေသာမိုးစွတ်သော အမှိုက်သဖွယ်ဖြစ်သော ရဟန်းသံဃာအလယ်၌ ထိုင်နေသော ထိုဒုဿီလပုဂ္ဂိုလ်ကို မြင်၍ နေရာမှထပြီးလျှင် ထိုပုဂ္ဂိုလ်ထံသို့ ချဉ်းကပ်လျက် ထိုပုဂ္ဂိုလ်ကို ''ငါ့သျှင်ထလော့၊ မြတ်စွာဘုရားသည် သင့်ကို မြင်တော်မူ၏။ သင့်အား ရဟန်းတို့နှင့် အတူတကွ ပေါင်းသင်းမှု မရှိ''ဟု ဆိုသော်လည်း ထိုပုဂ္ဂိုလ်သည် ဆိတ်ဆိတ်နေ၏။

နှစ်ကြိမ်မြောက်လည်း အသျှင်မဟာမောဂ္ဂလ္လာန်သည် ထိုပုဂ္ဂိုလ်ကို ''ငါ့သျှင်ထလော့၊ မြတ်စွာဘုရားသည် သင့်ကို မြင်တော်မူ၏။ သင့်အား ရဟန်းတို့နှင့် အတူတကွ ပေါင်းသင်းမှုမရှိ''ဟု ဆိုသော်လည်း နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း ထိုပုဂ္ဂိုလ်သည် ဆိတ်ဆိတ်နေ၏။

ထိုအခါ အသျှင်မဟာမောဂ္ဂလ္လာန်သည် ထိုပုဂ္ဂိုလ်ကို လက်မောင်း၌ ကိုင်လျက် တံခါးမုခ်ပြင်ဘက်သို့ ဆွဲထုတ်ပြီးလျှင် တံခါးပိတ်ကာ မင်းတုတ်လျှို၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်မြတ်စွာဘုရားကို ''အသျှင်ဘုရား တပည့်တော်သည် ထိုရဟန်းကို ထွက်သွားစေပါပြီ။ ပရိသတ်စင်ကြယ်ပါပြီ။ အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းတို့အားပါတိမောက်ကို ပြတော်မူပါ''ဟု လျှောက်ထား၏။ မောဂ္ဂလ္လာန်အံ့သြဖွယ်ရှိပေစွ၊ မောဂ္ဂလ္လာန် မဖြစ်ဖူးမြဲဖြစ်ပေစွ၊ ထို (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းသည် လက်မောင်းကို ကိုင်ထုတ်ရသည့်တိုင်အောင်ဆိုင်းငံ့နေဘိသေး၏ဟု (မိန့်တော်မူ၏)။

ထို့နောက်မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏- ရဟန်းတို့ ငါဘုရားသည် ယခုအခါ သင်တို့သာ ဥပုသ်ပြုကြကုန်လော့၊ပါတိမောက်ပြကြကုန်လော့၊ ရဟန်းတို့ ယနေ့မှ အစပြု၍ ငါဘုရားသည် ဥပုသ်မပြုတော့အံ့၊ပါတိမောက်မပြတော့အံ့၊ ရဟန်းတို့ မစင်ကြယ်သော ပရိသတ်၌ မြတ်စွာဘုရား ဥပုသ်ပြုခြင်းပါတိမောက်ပြခြင်းသည် အကြောင်းမဟုတ်၊ အခွင့်မဟုတ်။

သမုဒ္ဒရာ၏အံ့ဖွယ်ရှစ်ပါး

ရဟန်းတို့ မဟာသမုဒ္ဒရာ၌အံ့သြဖွယ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတို့သည် ဤရှစ်ပါးတို့တည်း။ ယင်းအံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော သဘောတို့ကို မြင်ကုန်မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကုန်၏။ အဘယ်ရှစ်ပါးတို့နည်းဟူမူ-

၁။ ရဟန်းတို့ မဟာသမုဒ္ဒရာသည် အစ၌ ကမ်းပါးစောက်မရှိမူ၍ အစဉ်အတိုင်း နိမ့်၏။ အစဉ်အတိုင်းကိုင်း၏။ အစဉ်အတိုင်း ရှိုင်း၏။ ရဟန်းတို့ ယင်းသို့ မဟာသမုဒ္ဒရာ၏ အစ၌ ကမ်းပါးစောက်မရှိမူ၍အစဉ်အတိုင်း နိမ့်ခြင်း အစဉ်အတိုင်းကိုင်းခြင်း အစဉ်အတိုင်း ရှိုင်းခြင်းသည် မဟာသမုဒ္ဒရာ၌ ပဌမဖြစ်သောအံ့သြဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတည်း။ ယင်းသဘောကို မြင်ကုန်မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကုန်၏။

၂။ ရဟန်းတို့ နောက်တစ်မျိုးကား မဟာသမုဒ္ဒရာသည် တည်တံ့သော သဘောရှိ၏။ ကမ်းကို မလွန်။ ရဟန်းတို့ ယင်းသို့ မဟာသမုဒ္ဒရာ၏ တည်တံ့သော သဘောရှိခြင်း ကမ်းကို မလွန်ခြင်းသည်လည်းမဟာသမုဒ္ဒရာ၌ ဒုတိယအံ့သြဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတည်း။ ယင်းသဘောကို မြင်ကုန်မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကုန်၏။

၃။ ရဟန်းတို့ နောက်တစ်မျိုးကား မဟာသမုဒ္ဒရာသည် အသေကောင်ပုပ်နှင့် မဆက်ဆံ၊ မဟာသမုဒ္ဒရာ၌ အသေကောင်ပုပ်ရှိခဲ့မူ ထိုအသေကောင်ပုပ်ကို ကမ်းသို့ လျင်စွာ ပို့ဆောင်၏။ ကုန်း၌ တင်စေ၏။ ရဟန်းတို့ ယင်းသို့ မဟာသမုဒ္ဒရာ၏ အသေကောင်ပုပ်နှင့် မဆက်ဆံခြင်း မဟာသမုဒ္ဒရာ၌ အသေ ကောင်ပုပ်သည် ရှိခဲ့မူ ထိုအသေကောင်ပုပ်ကို ကမ်းသို့ လျင်စွာ ပို့ဆောင်ခြင်းကုန်း၌ တင်စေခြင်းသည်လည်း မဟာသမုဒ္ဒရာ၌ တတိယအံ့သြဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတည်း။ ယင်းသဘောကို မြင်ကုန်မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကုန်၏။

၄။ ရဟန်းတို့ နောက်တစ်မျိုးကား ဂင်္ဂါမြစ် ယမုနာမြစ် အစီရဝတီမြစ် သရဘူမြစ် မဟီမြစ်ဟူသော မြစ်ကြီးအားလုံးတို့သည် မဟာသမုဒ္ဒရာသို့ ရောက်ခဲ့သော် ရှေးအမည်အနွယ်တို့ကို စွန့်ကုန်၍''မဟာသမုဒ္ဒရာ''ဟူ၍သာ ခေါ်ဝေါ်ခြင်းသို့ ရောက်ကုန်၏။ ရဟန်းတို့ ယင်းသို့ ဂင်္ဂါမြစ် ယမုနာမြစ်အစီရဝတီမြစ် သရဘူမြစ် မဟီမြစ်ဟူသော မြစ်ကြီးအားလုံးတို့သည် မဟာသမုဒ္ဒရာသို့ ရောက်ခဲ့သော်ရှေးအမည်အနွယ်တို့ကို စွန့်၍ ''မဟာသမုဒ္ဒရာ''ဟူ၍သာ ခေါ်ဝေါ်ခြင်းသို့ ရောက်ရခြင်းသည် မဟာသမုဒ္ဒရာ၌ စတုတ္ထအံ့သြဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတည်း။ ယင်းသဘောကို မြင်ကုန်မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကုန်၏။

၅။ ရဟန်းတို့ နောက်တစ်မျိုးကား လောက၌ မဟာသမုဒ္ဒရာသို့ မြစ်ရေအလျဉ်၏ စီးဝင်ခြင်းကောင်းကင်မှ မိုးရေအလျဉ်ရွာချခြင်းဟူသော အကြောင်းကြောင့် မဟာသမုဒ္ဒရာ၌ ယုတ်လျော့မှုပြည့်လျှံမှု မထင်ရှား၊ ရဟန်းတို့ ယင်းသို့လောက၌ မဟာသမုဒ္ဒရာသို့ မြစ်ရေအလျဉ်၏ စီးဝင်ခြင်းကောင်းကင်မှ မိုးရေအလျဉ်ရွာချခြင်းဟူသော အကြောင်းကြောင့် မဟာသမုဒ္ဒရာ၌ ယုတ်လျော့မှု ပြည့်လျှံမှုမထင်ရှားခြင်းသည်လည်း မဟာသမုဒ္ဒရာ၌ ပဉ္စမအံ့သြဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော သဘောတည်း။ ယင်းသဘောကို မြင်ကုန်မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကုန်၏။

၆။ ရဟန်းတို့ နောက်တစ်မျိုးကား မဟာသမုဒ္ဒရာသည်ငန်သော အရသာ တစ်မျိုးတည်းသာ ရှိ၏။ ရဟန်းတို့ ယင်းသို့ ငန်သော အရသာ တစ်မျိုးတည်းသာ ရှိခြင်းသည်လည်း မဟာသမုဒ္ဒရာ၌ ဆဋ္ဌအံ့သြဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော သဘောတည်း။ ယင်းသဘောကို မြင်ကုန်မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကုန်၏။

၇။ ရဟန်းတို့ နောက်တစ်မျိုးကား မဟာသမုဒ္ဒရာ၌ ပုလဲ မြ ကြောင်မျက်ရွဲ ခရုသင်း ကျောက်သလင်းသန္တာ ရွှေ ငွေ ပတ္တမြားနီ ပတ္တမြားပြောက်ဟူသောတစ်ပါးမကများသော ရတနာရှိ၏။ ရဟန်းတို့ယင်းသို့ မဟာသမုဒ္ဒရာ၌ ပုလဲ မြ ကြောင်မျက်ရွဲ ခရုသင်း ကျောက်သလင်း သန္တာ ရွှေ ငွေ ပတ္တမြားနီပတ္တမြားပြောက်ဟူသောတစ်ပါးမက, များသော ရတနာရှိခြင်းသည်လည်း မဟာသမုဒ္ဒရာ၌ သတ္တမအံ့သြဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော သဘောတည်း။ ယင်းသဘောကို မြင်ကုန်မြင်ကုန်၍အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကုန်၏။

၈။ ရဟန်းတို့ နောက်တစ်မျိုးကား မဟာသမုဒ္ဒရာသည် တိမိမည်သော ငါး တိမိင်္ဂလမည်သော ငါး တိမိတိမိင်္ဂလမည်သော ငါး အသုရာနဂါး ဂန္ဓဗ္ဗနတ်ဟူကုန်သော သတ္တဝါကြီးတို့၏ နေရာဖြစ်၏။ မဟာသမုဒ္ဒရာ၌ ယူဇနာတစ်ရာ ယူဇနာနှစ်ရာ ယူဇနာသုံးရာ ယူဇနာလေးရာ ယူဇနာငါးရာခန္ဓာကိုယ်အတ္တ့ဘောရှိသော သတ္တဝါတို့သည် ရှိနေကုန်၏။ ရဟန်းတို့ ယင်းသို့ မဟာသမုဒ္ဒရာ၏ တိမိမည်သော ငါးတိမိင်္ဂလမည်သော ငါး တိမိတိမိင်္ဂလမည်သော ငါး အသုရာ နဂါး ဂန္ဓဗ္ဗနတ်ဟူကုန်သော သတ္တဝါကြီးတို့၏နေရာဖြစ်ခြင်း ယူဇနာတစ်ရာ နှစ်ရာ သုံးရာ လေးရာ ငါးရာ အတ္တဘောရှိသော သတ္တဝါတို့ရှိနေခြင်းသည်လည်း မဟာသမုဒ္ဒရာ၌ အဋ္ဌမအံ့သြဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတည်း။ ယင်းသဘောကို မြင်ကုန်မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကုန်၏။

ရဟန်းတို့ ဤအတူသာလျှင် ဤဓမ္မဝိနယ 'သာသနာတော်'၌အံ့သြဖွယ်သော မဖြစ်ဖူးမြဲ ဖြစ်သော သဘောတို့သည် ဤရှစ်ပါးတို့တည်း။ ယင်းသဘောရှစ်မျိုးတို့ကို မြင်ကုန်မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ 'သာသနာတော်'၌ အလွန်မွေ့လျော်ကုန်၏။ အဘယ်ရှစ်ပါးတို့နည်းဟူမူ-

ရဟန်းတို့ မဟာသမုဒ္ဒရာသည် အစ၌ ကမ်းပါးစောက်မရှိမူ၍ အစဉ်အတိုင်း နိမ့်သကဲ့သို့ အစဉ် အတိုင်းကိုင်းသကဲ့သို့ အစဉ်အတိုင်း ရှိုင်းသကဲ့သို့ ဤအတူသာလျှင် အစ၌ အရဟတ္တဖိုလ်ကို ထိုးထွင်း မသိမူ၍ဤဓမ္မဝိနယ 'သာသနာတော်'၌ သိက္ခာစဉ်ရှိ၏။ လုပ်ငန်းစဉ်ရှိ၏။ ကျင့်စဉ်ရှိ၏။ ရဟန်းတို့ အစ၌ အရဟတ္တဖိုလ်ကို ထိုးထွင်းမသိမူ၍ ဤဓမ္မဝိနယ 'သာသနာတော်'၌ သိက္ခာစဉ်ရှိခြင်း လုပ်ငန်းစဉ်ရှိခြင်းကျင့်စဉ်ရှိခြင်းသည် ဤဓမ္မဝိနယ 'သာသနာတော်'၌ ပဌမအံ့သြဖွယ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတည်း။ ယင်းသဘောကို မြင်ကုန်မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ 'သာသနာတော်'၌ အလွန်မွေ့လျော်ကုန်၏။

ရဟန်းတို့ မဟာသမုဒ္ဒရာသည် တည်တံ့သော သဘော ကမ်းကို မလွန်သော သဘော ရှိသကဲ့သို့ ဤအတူသာလျှင် ငါဘုရားသည် တပည့်တို့အတွက်ပညတ်ထားသော သိက္ခာပုဒ်ကို ငါ၏ တပည့်တို့သည် အသက်ဟူသော အကြောင်းကြောင့် မျှလည်း မကျူးကျော်ကုန်။ ရဟန်းတို့ ငါဘုရားသည် တပည့်တို့အတွက်ပညတ်ထားသော သိက္ခာပုဒ်ကို ငါ၏တပည့်တို့သည် အသက်ဟူသော အကြောင်းကြောင့် မျှလည်းမကျူးကျော်ခြင်းသည်လည်း ဤဓမ္မဝိနယ 'သာသနာတော်'၌ ဒုတိယအံ့သြဖွယ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတည်း။ ယင်းသဘောကို မြင်ကုန်မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ 'သာသနာတော်'၌ အလွန်မွေ့လျော်ကုန်၏။

ရဟန်းတို့ မဟာသမုဒ္ဒရာသည် အသေကောင်ပုပ်နှင့် မဆက်ဆံ၊ မဟာသမုဒ္ဒရာ၌ အသေကောင်ပုပ် ရှိခဲ့မူထိုအသေကောင်ပုပ်ကို ကမ်းသို့ လျင်စွာ ပို့ဆောင်၍ကုန်း၌ တင်စေသကဲ့သို့ ဤအတူသာလျှင် သီလမရှိသော ယုတ်ညံ့သော သဘောရှိသော မစင်ကြယ်သော တွေးတောဖွယ်အကျင့်ရှိသော အမှုကို ဖုံးကွယ်သော ရဟန်းမဟုတ်ဘဲ ရဟန်းဟု ဝန်ခံသော မြတ်သောအကျင့်ကို မကျင့်ဘဲ မြတ်သောအကျင့်ကို ကျင့်၏ဟု ဝန်ခံသော အတွင်းပုပ်သော ကိလေသာမိုးစွတ်သော အမှိုက်သဖွယ်ဖြစ်သော ဒုဿီလပုဂ္ဂိုလ်နှင့်သံဃာသည်မဆက်ဆံ၊ စင်စစ်မူကား စည်းဝေး၍ ထိုပုဂ္ဂိုလ်ကို လျင်စွာ နှင်ထုတ်၏။ ထိုပုဂ္ဂိုလ်သည် ရဟန်းသံဃာအလယ်၌ ထိုင်နေစေကာမူ သံဃာမှ ဝေးသည်သာတည်း။ သံဃာသည်လည်း ထိုပုဂ္ဂိုလ်မှဝေးသည်သာတည်း။

ရဟန်းတို့ သီလမရှိသော ယုတ်ညံ့သော သဘောရှိသော မစင်ကြယ်သော တွေးတောဖွယ်အကျင့် ရှိသော အမှုကို ဖုံးကွယ်သော ရဟန်းမဟုတ်ဘဲ ရဟန်းဟု ဝန်ခံသော မြတ်သောအကျင့်ကို မကျင့်ဘဲ မြတ်သောအကျင့်ကို ကျင့်၏ဟု ဝန်ခံသော အတွင်းပုပ်သော ကိလေသာမိုးစွတ်သော အမှိုက်သဖွယ် ဖြစ်သော ဒုဿီလနှင့် သံဃာသည်မဆက်ဆံ၊ စင်စစ်မူကား စည်းဝေး၍ ထိုပုဂ္ဂိုလ်ကို လျင်စွာ နှင်ထုတ်ခြင်းထိုပုဂ္ဂိုလ်သည် ရဟန်းသံဃာအလယ်၌ ထိုင်နေစေကာမူ သံဃာမှ ဝေးခြင်း သံဃာသည်လည်းထိုပုဂ္ဂိုလ်မှ ဝေးခြင်းသည်လည်း ဤဓမ္မဝိနယ 'သာသနာတော်'၌ တတိယအံ့သြဖွယ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတည်း။ ယင်းသဘောကို မြင်ကုန်မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ 'သာသနာတော်'၌ အလွန်မွေ့လျော်ကုန်၏။

ရဟန်းတို့ ဂင်္ဂါမြစ် ယမုနာမြစ် အစီရဝတီမြစ် သရဘူမြစ် မဟီမြစ်ဟူသော မြစ်ကြီးအားလုံးတို့သည် မဟာသမုဒ္ဒရာသို့ ရောက်ခဲ့သော် ရှေးအမည်အနွယ်တို့ကို စွန့်ကုန်၍ ''မဟာသမုဒ္ဒရာ''ဟူ၍သာ ခေါ်ဝေါ်ခြင်းသို့ ရောက်ကုန်သကဲ့သို့ ဤအတူသာလျှင် ရဟန်းတို့ မင်းမျိုး ပုဏ္ဏားမျိုးကုန်သည်မျိုး သူဆင်းရဲမျိုးဟူသော အမျိုးလေးပါးတို့သည် လူ့ဘောင်မှ ခွါ၍ မြတ်စွာဘုရား ဟောကြားအပ်သော ဤဓမ္မဝိနယ'သာသနာတော်'၌ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့သော် ရှေးဖြစ်သော အမည်အနွယ်တို့ကို စွန့်ကုန်၍''သာကီဝင်မင်းသား ရဟန်းတို့''ဟူ၍ ခေါ်ဝေါ်ခြင်းသို့ ရောက်ကုန်၏။ ရဟန်းတို့ မင်းမျိုး ပုဏ္ဏားမျိုးကုန်သည်မျိုး သူဆင်းရဲမျိုးဟူသော အမျိုးလေးပါးတို့သည် လူ့ဘောင်မှ ခွါ၍ မြတ်စွာဘုရား ဟောကြားအပ်သော ဤဓမ္မဝိနယ 'သာသနာတော်'၌ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့သော် ရှေးဖြစ်သော အမည်အနွယ်တို့ကို စွန့်ကုန်၍ ''သာကီဝင်မင်းသား ရဟန်းတို့''ဟူ၍ ခေါ်ဝေါ်ခြင်းသို့ ရောက်ခြင်းသည်လည်း ဤဓမ္မဝိနယ'သာသနာတော်'၌ စတုတ္ထအံ့သြဖွယ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတည်း။ ယင်းသဘောကို မြင်ကုန်မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ 'သာသနာတော်'၌ အလွန်မွေ့လျော်ကုန်၏။

ရဟန်းတို့ လောက၌ မဟာသမုဒ္ဒရာသို့ မြစ်ရေအလျဉ်၏ စီးဝင်ခြင်း ကောင်းကင်မှ မိုးရေအလျဉ်ရွာချခြင်းဟူသော အကြောင်းကြောင့် မဟာသမုဒ္ဒရာ၏ ယုတ်လျော့မှု ပြည့်လျှံမှု မထင်ရှားသကဲ့သို့ ဤအတူသာလျှင် များစွာသော ရဟန်းတို့သည် ခန္ဓာမကြွင်းကျန်သော နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုကုန်၏။ ယင်းပရိနိဗ္ဗာန်ပြုခြင်းကြောင့် နိဗ္ဗာန်၌ ယုတ်လျော့မှု ပြည့်လျှံမှု မထင်ရှား၊ ရဟန်းတို့ များစွာသော ရဟန်းတို့သည် ခန္ဓာမကြွင်းကျန်သော နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုခြင်းကြောင့် နိဗ္ဗာန်၌ ယုတ်လျော့မှုပြည့်လျှံမှု မထင်ရှားခြင်းသည်လည်း ဤဓမ္မဝိနယ 'သာသနာတော်'၌ ပဉ္စမအံ့သြဖွယ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတည်း။ ယင်းသဘောကို မြင်ကုန်မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ 'သာသနာတော်'၌ အလွန်မွေ့လျော်ကုန်၏။

ရဟန်းတို့ မဟာသမုဒ္ဒရာသည် ငန်သော အရသာ တစ်မျိုးတည်းသာ ရှိသကဲ့သို့ ဤအတူ ဤဓမ္မဝိနယ'သာသနာတော်'၌ ကိလေသာမှ လွတ်မြောက်မှု အရသာတစ်မျိုးတည်းသာ ရှိ၏။ ရဟန်းတို့ ယင်းသို့ ဤဓမ္မဝိနယ 'သာသနာတော်'၌ ကိလေသာမှ လွတ်မြောက်မှု အရသာတစ်မျိုးတည်းသာ ရှိခြင်းသည်လည်းဤဓမ္မဝိနယ'သာသနာတော်'၌ ဆဋ္ဌအံ့သြဖွယ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတည်း။ ယင်းသဘောကို မြင်ကုန်မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ'သာသနာတော်'၌ အလွန်မွေ့လျော်ကုန်၏။

ရဟန်းတို့ မဟာသမုဒ္ဒရာ၌ ပုလဲ မြ ကြောင်မျက်ရွဲ ခရုသင်း ကျောက်သလင်း သန္တာ ရွှေ ငွေပတ္တမြားနီ ပတ္တမြားပြောက်ဟူသောတစ်ပါးမကများသော ရတနာရှိသကဲ့သို့ ဤအတူ ဤဓမ္မဝိနယ'သာသနာတော်'၌ သတိပဋ္ဌာန်လေးပါး သမ္မပ္ပဓာန်လေးပါး ဣဒ္ဓိပါဒ်လေးပါး ဣန္ဒြေငါးပါး ဗိုလ်ငါးပါးဗောဇ္ဈင်ခုနစ်ပါး အရိယမဂ္ဂင်ရှစ်ပါးဟူသောတစ်ပါးမကများသော ရတနာရှိ၏။ ရဟန်းတို့ ယင်းသို့ ဤဓမ္မဝိနယ 'သာသနာတော်'၌ သတိပဋ္ဌာန်လေးပါး သမ္မပ္ပဓာန်လေးပါး ဣဒ္ဓိပါဒ်လေးပါး ဣန္ဒြေငါးပါးဗိုလ်ငါးပါး ဗောဇ္ဈင်ခုနစ်ပါး အရိယမဂ္ဂင်ရှစ်ပါးဟူသောတစ်ပါးမက များသော ရတနာရှိခြင်းသည်လည်းဤဓမ္မဝိနယ 'သာသနာတော်'၌ သတ္တမအံ့သြဖွယ်သော မဖြစ်ဖူးမြဲ ဖြစ်သော သဘောတည်း။ ယင်းသဘောကို မြင်ကုန်မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ'သာသနာတော်'၌ အလွန်မွေ့လျော်ကုန်၏။

ရဟန်းတို့ မဟာသမုဒ္ဒရာသည် တိမိငါး တိမိင်္ဂလငါး တိမိတိမိင်္ဂလငါး အသုရာ နတ်နဂါးဂန္ဓဗ္ဗနတ်ဟူသော သတ္တဝါကြီးတို့၏ နေရာဖြစ်၍ ယူဇနာတစ်ရာ နှစ်ရာ သုံးရာ လေးရာ ငါးရာအတ္တဘောရှိသော သတ္တဝါတို့ ရှိကုန်သကဲ့သို့ ဤအတူသာလျှင် ဤဓမ္မဝိနယ 'သာသနာတော်'သည်သောတာပန်ပုဂ္ဂိုလ်၊ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန်ကျင့်သော ပုဂ္ဂိုလ်၊ သကဒါဂါမ်ပုဂ္ဂိုလ်၊ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန်ကျင့်သော ပုဂ္ဂိုလ်၊ အနာဂါမ်ပုဂ္ဂိုလ်၊ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန့်ကျင့်သော ပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်၊ အရဟတ္တဖိုလ်အကျိုးငှါ ကျင့်သော ပုဂ္ဂိုလ်တို့ဟူသော မြတ်သော ပုဂ္ဂိုလ်တို့၏ နေရာ ဖြစ်၏။

ရဟန်းတို့ ယင်းသို့ ဤဓမ္မဝိနယ 'သာသနာတော်'သည်သောတာပန်ပုဂ္ဂိုလ်၊ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သော ပုဂ္ဂိုလ်၊ သကဒါဂါမ်ပုဂ္ဂိုလ်၊ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သော ပုဂ္ဂိုလ်၊ အနာဂါမ်ပုဂ္ဂိုလ်၊ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန်ကျင့်သော ပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်၊ အရဟတ္တဖိုလ်၊ အကျိုးငှါ ကျင့်သော ပုဂ္ဂိုလ်တို့ဟူသော မြတ်သော ပုဂ္ဂိုလ်တို့၏နေရာ ဖြစ်ခြင်းသည် ဤဓမ္မဝိနယ'သာသနာတော်'၌ အဋ္ဌမအံ့သြဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတည်း။ ယင်းသဘောကို မြင်ကုန်မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ 'သာသနာတော်'၌ အလွန်မွေ့လျော်ကုန်၏။ ရဟန်းတို့ဤဓမ္မဝိနယ 'သာသနာတော်'၌အံ့သြဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော ဤရှစ်ပါးသော သဘောတို့ကို မြင်ကုန်မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ 'သာသနာတော်'၌ အလွန်မွေ့လျော်ကုန်၏ဟု (မိန့်တော်မူ၏)။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''အာပတ်ကို ဖုံးလွှမ်းသူကို ကိလေသာမိုး စွတ်၏။ အာပတ်ကို ဖွင့်လှစ်ဖော်ပြ သူကို ကိလေသာမိုးမစွတ်၊ ထို့ကြောင့် ဖုံးလွှမ်းမှုကို ဖွင့်လှစ်ဖော်ပြကုန်လော့၊ ဤသို့ ဖွင့်လှစ်ဖော်ပြသည်ရှိသော် ထိုသူကို ကိလေသာမိုး မစွတ်နိုင်ပေ''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

ပဉ္စမသုတ်။