ဥဒါန်းပါဠိတော်

၆-သောဏသုတ်

၄၆။ အကျွန်ုပ်သည်ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်မဟာကစ္စည်းသည် အဝန္တိတိုင်း ကုရရဃရမြို့ ပဝတ္တတောင်၌ နေတော်မူ၏။ ထိုအခါ ကုဋေထိုက်သော နားတန်ဆာကို ဝတ်ဆင်သော သောဏမည်သော ဥပါသကာသည် အသျှင်မဟာကစ္စည်း၏ အလုပ်အကျွေးဖြစ်၏။

ထိုအခါ ကုဋေထိုက်သော နားတန်ဆာကို ဝတ်ဆင်သော သောဏမည်သော ဥပါသကာအား ဆိတ်ငြိမ်ရာသို့ကပ်လျက် တစ်ယောက်တည်းနေစဉ် ''အသျှင်မဟာကစ္စည်း ဟောတော်မူတိုင်းသော တရားတော်ကို လူ့ဘောင်၌ နေသူသည် စင်စစ်ပြည့်စုံစင်ကြယ်၍ ခရုသင်းပွတ်သစ်နှင့်တူသော ဤမြတ်သောအကျင့်ကို ကျင့်ခြင်းငှါ မလွယ်ကူချေ၊ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံလျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရမူ ကောင်းလေစွ''ဟု ဤသို့ စိတ်အကြံ ဖြစ်၏။

ထို့နောက် ကုဋေထိုက်သော နားတန်ဆာကို ဝတ်ဆင်သော သောဏမည်သော ဥပါသကာသည် အသျှင်မဟာကစ္စည်းထံသို့ ချဉ်းကပ်၍ အသျှင်မဟာကစ္စည်းကို ရှိခိုးကာ တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် တပည့်တော်အား ''အသျှင်မဟာကစ္စည်း ဟောတော်မူတိုင်းသော တရားတော်ကို လူ့ဘောင်၌ နေသူသည် စင်စစ်ပြည့်စုံစင်ကြယ်၍ ခရုသင်းပွတ်သစ်နှင့်တူသော ဤမြတ်သောအကျင့်ကို ကျင့်ခြင်းငှါ မလွယ်ကူပါ၊ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံလျက်လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရမူ ကောင်းလေစွ''ဟု စိတ်အကြံ ဖြစ်ပါ၏။ အသျှင်ဘုရား အသျှင်မဟာကစ္စည်းသည် တပည့်တော်ကို ရှင်ရဟန်း ပြုတော်မူပါဟု (လျှောက်၏)။

ဤသို့ လျှောက်လတ်သော် အသျှင်မဟာကစ္စည်းသည် ကုဋေထိုက်သော နားတန်ဆာကို ဝတ်ဆင်သော သောဏဥပါသကာကို ''သောဏ အသက်ထက်ဆုံး တစ်ထပ်တည်းသာ စားရသော တစ်ယောက်တည်းသာ အိပ်ရသော မြတ်သောအကျင့်ကို ကျင့်ခြင်းသည် ခဲယဉ်းလှ၏။ သောဏ တိုက်တွန်း၏။ သင်သည် ထိုလူ့ဘောင်၌သာလျှင် လူအဖြစ်နှင့် အခါအားလျော်စွာ တစ်ထပ်တည်းသာ စားရသော တစ်ယောက်တည်းသာ အိပ်ရသော ဘုရားရှင်တို့ အဆုံးအမဟု ဆိုအပ်သော မြတ်သောအကျင့်ကို ကျင့်လော့''ဟု (မိန့်တော်မူ၏)။ ထိုအခါ ကုဋေထိုက်သော နားတန်ဆာကို ဝတ်ဆင်သော သောဏဥပါသကာ၏ ရဟန်းပြုအံ့ဟု အားထုတ်ခြင်းသည် ငြိမ်းလေ၏။

နှစ်ကြိမ်မြောက်လည်း။ပ။ အသျှင်မဟာကစ္စည်းသည် ကုဋေထိုက်သော နားတန်ဆာကို ဝတ်ဆင်သော သောဏဥပါသကာကို ''သောဏ အသက်ထက်ဆုံး တစ်ထပ်တည်းသာ စားရသော တစ်ယောက်တည်းသာ အိပ်ရသော မြတ်သောအကျင့်ကို ကျင့်ခြင်းသည် ခဲယဉ်းလှ၏။ သောဏ တိုက်တွန်း၏။ သင်သည်ထိုလူ့ဘောင်၌သာလျှင် လူအဖြစ်နှင့် အခါအားလျော်စွာ တစ်ထပ်တည်းသာ စားရသော တစ်ယောက်တည်းသာ အိပ်ရသော ဘုရားရှင်တို့ အဆုံးအမဟု ဆိုအပ်သော မြတ်သောအကျင့်ကို ကျင့်လော့''ဟု (မိန့်တော်မူ၏)။ နှစ်ကြိမ်မြောက်လည်း ကုဋေထိုက်သော နားတန်ဆာကို ဝတ်ဆင်သော သောဏဥပါသကာ၏ ရဟန်းပြုအံ့ဟု အားထုတ်ခြင်းသည် ငြိမ်းလေ၏။

သုံးကြိမ်မြောက်လည်း ကုဋေထိုက်သော နားတန်ဆာကို ဝတ်ဆင်သော သောဏ ဥပါသကာအား ဆိတ်ငြိမ်ရာသို့ ကပ်လျက် တစ်ယောက်တည်း နေစဉ် ''အသျှင်မဟာကစ္စည်း ဟောတော်မူတိုင်းသော တရားတော်ကို လူ့ဘောင်၌ နေသူသည် စင်စစ် ပြည့်စုံစင်ကြယ်၍ ခရုသင်းပွတ်သစ်နှင့်တူသော ဤမြတ်သောအကျင့်ကို ကျင့်ခြင်းငှါ မလွယ်ကူချေ၊ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံလျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရမူ ကောင်းလေစွ''ဟု စိတ်အကြံဖြစ်၏။ သုံးကြိမ်မြောက်လည်း ကုဋေထိုက်သော နားတန်ဆာကို ဝတ်ဆင်သော သောဏမည်သော ဥပါသကာသည် အသျှင်မဟာကစ္စည်းထံသို့ ချဉ်းကပ်၍ အသျှင်မဟာကစ္စည်းကို ရှိခိုးကာ တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် အသျှင်မဟာကစ္စည်းကို -

အသျှင်ဘုရား ဆိတ်ငြိမ်ရာသို့ ကပ်လျက် တစ်ယောက်တည်းနေသော တပည့်တော်အား ''အသျှင်မဟာကစ္စည်း ဟောတော်မူတိုင်းသော တရားတော်ကို လူ့ဘောင်၌ နေသူသည် စင်စစ် ပြည့်စုံစင်ကြယ်၍ ခရုသင်းပွတ်သစ်နှင့်တူသော ဤမြတ်သောအကျင့်ကို ကျင့်ခြင်းငှါ မလွယ်ကူချေ၊ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံလျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရမူ ကောင်းလေစွ''ဟု စိတ်အကြံဖြစ်ပါ၏။ အသျှင်ဘုရား အသျှင်မဟာကစ္စည်းသည် အကျွန်ုပ်ကို ရှင်ရဟန်း ပြုပေးတော်မူပါဟု ဤစကားကို လျှောက်၏။

ထိုအခါ အသျှင်မဟာကစ္စည်းသည် ကုဋေထိုက်သော နားတန်ဆာကို ဝတ်ဆင်သော သောဏဥပါသကာကို ရှင်ပြုပေးလေ၏။ ထိုစဉ်အခါ၌ အဝန္တိတိုင်း ဒက္ခိဏာပထဇနပုဒ်သည် ရဟန်းနည်းပါး၏။ ထိုအခါ၌ အသျှင်မဟာကစ္စည်းသည် သုံးနှစ်လွန်သဖြင့် ငြိုငြင်ပင်ပန်းစွာ ထိုထိုအရပ်မှ တစ်ကျိပ်အစုရှိသော ရဟန်းအပေါင်းကို စည်းဝေးစေပြီးလျှင် အသျှင်သောဏကို ပဉ္စင်းခံပေး၏။

ထိုအခါ အသျှင်သောဏမထေရ်အား ဝါကျွတ်၍ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်လျက် တစ်ယောက်တည်းနေစဉ် ''ထိုမြတ်စွာဘုရားသည် ဤသို့ သဘောရှိသော ရူပကာယကျေးဇူး ဤသို့ သဘောရှိသော ဓမ္မကာယကျေးဇူး ရှိတော်မူ၏ဟု ငါသည် ကြားဖူးရုံသာတည်း။ ငါသည် မျက်မှောက်ထင်ထင် မမြင်ရဖူးပေ၊ အကယ်၍ ဥပဇ္ဈာယ်ဆရာသည် ငါ့ကို ခွင့်ပြုငြားအံ့၊ ငါသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြော်ခြင်းငှါ သွားလို၏''ဟု စိတ်အကြံ ဖြစ်၏။

ထို့နောက် အသျှင်သောဏမထေရ်သည် ညနေချမ်းအခါတစ်ယောက်တည်း ကိန်းအောင်းနေရာမှ ထလျက် အသျှင်မဟာကစ္စည်းထံသို့ ချဉ်းကပ်၍ အသျှင်မဟာကစ္စည်းကို ရှိခိုးပြီးလျှင် တစ်ခုသောအရပ်၌ ထိုင်ပြီးသော် အသျှင်မဟာကစ္စည်းကို အသျှင်ဘုရား ဆိတ်ငြိမ်ရာသို့ ကပ်လျက် တစ်ယောက်တည်း ကိန်းအောင်းနေသော တပည့်တော်အား ''ထိုမြတ်စွာဘုရားသည် ဤသို့ သဘောရှိသော ရူပကာယကျေးဇူး ဤသို့ သဘောရှိသော ဓမ္မကာယကျေးဇူး ရှိတော်မူ၏ဟု ငါသည် ကြားဖူးရုံသာတည်း။ ငါသည် မျက်မှောက်ထင်ထင် မမြင်ရဖူးပေ၊ အကယ်၍ ဥပဇ္ဈာယ်ဆရာသည် ငါ့ကို ခွင့်ပြုငြားအံ့၊ ငါသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြော်ခြင်းငှါ သွားလို၏''ဟု ဤသို့ စိတ်အကြံ ဖြစ်ပါသည်ဟု လျှောက်၏။

သောဏ ကောင်းပေစွ ကောင်းပေစွ၊ သောဏ သင်သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြော်ရန်သွားလော့။ သောဏ သင်သည် ကြည်ညိုဖွယ် ပသာဒနီယဂုဏ်ကို ဆောင်လျက် ငြိမ်သက်သော ဣန္ဒြေ ငြိမ်းအေးသော စိတ်ရှိသော အလွန်အကဲ ဆုံးမခြင်း အလွန်အကဲ ငြိမ်းအေးခြင်းသို့ ရောက်သည်ဖြစ်၍ ကိုယ်အမူအရာ ယဉ်ကျေးသော နှုတ်အမူအရာကို စောင့်ရှောက်သောမနိန္ဒြေကို စောင့်စည်းတော်မူသော ဆင်ပြောင်ကြီးသဖွယ်ဖြစ်သော ထိုမြတ်စွာဘုရားကို ဖူးမြော်ရလတ္တံ့။ ဖူးမြော်ပြီး၍ ''အသျှင်ဘုရား အကျွန်ုပ်၏ ဥပဇ္ဈာယ်ဆရာဖြစ်သော အသျှင်မဟာကစ္စည်းသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခေါင်းဖြင့် ရှိခိုးလိုက်ပါ၏။ အနာမရှိခြင်း ဆင်းရဲကင်းခြင်း လျင်စွာထကြွနိုင်သော ခွန်အားရှိခြင်း ချမ်းသာစွာနေရခြင်းကိုလည်း မေးလျှောက်လိုက်ပါ၏''ဟု ငါ၏စကားဖြင့် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခေါင်းဖြင့် ရှိခိုးလေလော့၊ အနာမရှိခြင်း ဆင်းရဲကင်းခြင်း လျင်စွာထကြွနိုင်သော ခွန်အားရှိခြင်း ချမ်းသာစွာ နေရခြင်းကိုလည်း မေးလျှောက်လေလော့ဟု (မိန့်ဆို၏)။

''အသျှင်ဘုရား ကောင်းပါပြီ''ဟု အသျှင်သောဏသည် အသျှင်မဟာကစ္စည်း ပြောဆိုသော စကားကို အလွန်နှစ်သက်ဝမ်းမြောက်၍ နေရာမှ ထလျက် အသျှင်မဟာကစ္စည်းကို ရှိခိုး၍ အရိုအသေပြုကာ ကျောင်း အိပ်ရာ နေရာကို သိမ်းဆည်းပြီးလျှင် သပိတ်သင်္ကန်းကို ယူဆောင်လျက် သာဝတ္ထိပြည်သို့ ဒေသစာရီ ဖဲသွားလေ၏။ အစဉ်အတိုင်း ဒေသစာရီ လှည့်လည်လတ်သော် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသောအရပ်၌ ထိုင်ပြီးသော် မြတ်စွာဘုရားကို ''အသျှင်ဘုရား တပည့်တော်၏ ဥပဇ္ဈာယ်ဆရာဖြစ်သော အသျှင်မဟာကစ္စည်းသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခေါင်းဖြင့် ရှိခိုးလိုက်ပါ၏။ အနာမရှိခြင်း ဆင်းရဲကင်းခြင်း လျင်စွာထကြွနိုင်သော ခွန်အားရှိခြင်း ချမ်းသာစွာနေရခြင်းကို မေးလျှောက်လိုက်ပါ၏''ဟု (လျှောက်၏)။

ရဟန်း ခံ့ကျန်း၏လော၊ မျှတ၏လော၊ မပင်ပန်းဘဲ ခရီးကို လာခဲ့ရ၏လော၊ ဆွမ်းဖြင့် ငြိုငြင်ခြင်းမဖြစ်ဘဲ ရှိပါ၏လောဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရား ခံ့ကျန်းပါ၏။ မျှတပါ၏။ အသျှင်ဘုရား တပည့်တော်သည် မပင်ပန်းဘဲ ခရီးကို လာခဲ့ရပါ၏။ ဆွမ်းဖြင့်လည်း ပင်ပန်းခြင်း မဖြစ်ပါဟု (လျှောက်၏)။

ထို့နောက် မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို ''အာနန္ဒာ ဤအာဂန္တုရဟန်း၏ အိပ်ရာနေရာကို ခင်းလော့''ဟု (မိန့်တော်မူ၏)။ ထိုအခါ အသျှင်အာနန္ဒာအား ''အကြင်ရဟန်းအတွက် မြတ်စွာဘုရားသည် 'အာနန္ဒာ အာဂန္တုရဟန်း၏ အိပ်ရာနေရာကို ခင်းလော့'ဟု ငါ့ကို စေခိုင်း၏။ မြတ်စွာဘုရားသည် ထိုရဟန်းနှင့် တစ်ကျောင်းတည်း နေလို၏။ မြတ်စွာဘုရားသည် အသျှင်သောဏနှင့်အတူ တစ်ကျောင်းတည်း နေလို၏''ဟု အကြံဖြစ်ပြီးလျှင် မြတ်စွာဘုရား နေတော်မူသော (ဂန္ဓကုဋိ) ကျောင်း၌ အသျှင်သောဏ၏ အိပ်ရာနေရာကို ခင်းလေ၏။ပ။

ထို့နောက်မြတ်စွာဘုရားသည် ညဉ့်နက်သည်တိုင်အောင် လွင်တီးခေါင်၌ ထိုင်နေခြင်းဖြင့် (အချိန်ကို) လွန်စေလျက် ခြေတော်တို့ကို ဆေးပြီးလျှင် (ဂန္ဓကုဋိ) ကျောင်းတော်သို့ ဝင်တော်မူ၏။ အသျှင်သောဏသည်လည်း ညဉ့်နက်သည်တိုင်အောင် လွင်တီးခေါင်၌ ထိုင်နေခြင်းဖြင့် အချိန်ကို လွန်စေလျက် ခြေဆေးပြီးလျှင် (ဂန္ဓကုဋိ) ကျောင်းသို့ ဝင်၏။ ထို့နောက် မြတ်စွာဘုရားသည် ညဉ့်၏ မိုးသောက်ယံအခါ၌ ထ၍ ''အသျှင်သောဏကို ရဟန်းသင်သည် တရားဟောလော့''ဟု တိုက်တွန်းတော်မူ၏။

''အသျှင်ဘုရား ကောင်းပါပြီ''ဟု အသျှင်သောဏသည် မြတ်စွာဘုရား၏ စကားကို ဝန်ခံ၍ အဋ္ဌကဝဂ်၌ပါသော တစ်ဆယ့်ခြောက်သုတ်လုံးတို့ကို အသံဖြင့် ရွတ်ဆို၏။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်သောဏ၏ သာယာစွာ ရွတ်ဆိုသည်၏ အဆုံး၌ ''ရဟန်း ကောင်းပေစွ ကောင်းပေစွ၊ ရဟန်း သင်သည် အဋ္ဌကဝဂ်၌ပါသော တစ်ဆယ့်ခြောက်သုတ်လုံး တို့ကို ကောင်းစွာ သင်ထားပေ၏။ ကောင်းစွာ နှလုံးသွင်းထားပေ၏။ ကောင်းစွာ ဆောင်ထား ပေ၏။ သန့်ရှင်း၍ အပြစ်ကင်းသော အနက်ကို သိခြင်းငှါ စွမ်းနိုင်သော သာယာသော စကားနှင့်လည်း ပြည့်စုံ၏ဟု အနုမောဒနာ ပြုတော်မူ၍ ရဟန်း သင်သည် အဘယ်မျှလောက် ဝါရပြီနည်း''ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရား တပည့်တော်သည် တစ်ဝါသာ ရပါသေး၏ဟု (လျှောက်၏)။ ရဟန်း သင်သည် အဘယ့်ကြောင့် ဤသို့ ကြာမြင့်မှ ရဟန်းပြုသနည်းဟု မိန့်တော်မူ၏။ အသျှင်ဘုရား တပည့်တော်သည် ကာမဂုဏ်တို့၌ အပြစ်ကို မြင်သည်ကား ကြာပါပြီ။ သို့သော်လည်း လူ့ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်းပါ၏။ များသော ကိစ္စရှိပါ၏။ များသော ပြုဖွယ်ရှိပါ၏ဟု (လျှောက်၏)။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''စင်ကြယ်သောသူသည် မကောင်းမှု၌ မမွေ့လျော်နိုင်၊ ထို့ကြောင့် အရိယာ ပုဂ္ဂိုလ်သည် အလုံးစုံသင်္ခါရလောက၌ အပြစ်ကိုမြင်၍ ဥပဓိကင်းရာ နိဗ္ဗာန်တရားကို သိပြီးသောကြောင့် မကောင်းမှု၌ မမွေ့လျော်တော့ပေ''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

ဆဋ္ဌသုတ်။