ဥဒါန်းပါဠိတော်

၇-ကင်္ခါရေဝတသုတ်

၄၇။ အကျွန်ုပ်သည်ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်ကင်္ခါရေဝတသည် မြတ်စွာဘုရား၏ မနီးမဝေး၌ မိမိ၏ ယုံမှားအားလုံးမှ လွန်မြောက်၍ ကိလေသာတို့မှစင်ကြယ်သော အရိယမဂ်တရားကို ဆင်ခြင်လျက်ကိုယ်ကို ဖြောင့်မတ်စွာ ထားပြီးလျှင် ထက်ဝယ်ဖွဲ့ခွေထိုင်နေ၏။

မြတ်စွာဘုရားသည် မနီးမဝေး၌ မိမိ၏ ယုံမှားအားလုံးမှ လွန်မြောက်၍ ကိလေသာတို့မှ စင်ကြယ်သော အရိယမဂ်တရားကို ဆင်ခြင်လျက်ကိုယ်ကို ဖြောင့်မတ်စွာ ထားပြီးလျှင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသော အသျှင်ကင်္ခါရေဝတကို မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''ဤပစ္စုပ္ပန် အတ္တဘော၌လည်းကောင်း၊ အတိတ်အနာဂတ် အတ္တဘော၌လည်းကောင်း၊ မိမိအတ္တဘော၌ ရအပ်သည်လည်း ဖြစ်ကုန်သောသူတစ်ပါး အတ္တဘော၌ ရအပ်သည်လည်း ဖြစ်ကုန်သော ယုံမှားခြင်းအားလုံးတို့သည် ရှိကုန်၏။ သမထ ဝိပဿနာဖြင့် မကောင်းမှုဒုစရိုက်ကို ရှို့မြှိုက်ကြပြီးလျှင်သမ္မပ္ပဓာန်လုံ့လ ရှိကြကုန်လျက် မဂ်တည်းဟူသော ဗြဟ္မစရိယကို ကျင့်သုံးရရှိကြသူပုဂ္ဂိုလ်တို့သည် ထိုယုံမှားမှုအားလုံးတို့ကို ပယ်စွန့်နိုင်ကြကုန်၏''ဟု ဤဥဒါန်းကို ကျူးရင့် တော်မူ၏။

သတ္တမသုတ်။