ဥဒါန်းပါဠိတော်

၈-သံဃဘေဒသုတ်

၄၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်အာနန္ဒာသည် ဥပုသ်နေ့တစ်နေ့ နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်တော်မူ၏။

ဒေဝဒတ်သည် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်သော အသျှင်အာနန္ဒာကို မြင်၍ အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်အာနန္ဒာအား ''ငါ့သျှင်အာနန္ဒာ ငါသည် ယနေ့မှအစပြု၍မြတ်စွာဘုရားမှလည်းကောင်း၊ ရဟန်းသံဃာမှလည်းကောင်း၊ အသီးအခြားခွဲ၍သာလျှင် ဥပုသ်ကိုလည်းကောင်း၊ သံဃကံကိုလည်းကောင်း ပြုအံ့''ဟု ပြောဆို၏။

ထို့နောက် အသျှင်အာနန္ဒာသည်ရာဇဂြိုဟ်ပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှဖဲခဲ့ပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်ပြီးသော်မြတ်စွာဘုရားကို ''အသျှင်ဘုရား တပည့်တော်သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်ပါ၏။ အသျှင်ဘုရား ဒေဝဒတ်သည် ရာဇဂြိုဟ်ပြည်၌ ဆွမ်းခံဝင်သောတပည့်တော်ကို မြင်၍ တပည့်တော်ထံသို့ ချဉ်းကပ်ပြီးလျှင် တပည့်တော်ကို ''ငါ့သျှင်အာနန္ဒာ ငါသည် ယနေ့မှအစပြု၍ မြတ်စွာဘုရားမှလည်းကောင်း၊ ရဟန်းသံဃာမှလည်းကောင်း၊ အသီးအခြားခွဲ၍သာလျှင် ဥပုသ်ကိုလည်းကောင်း၊ သံဃကံကိုလည်းကောင်း ပြုတော့အံ့''ဟု ပြောဆိုပါ၏။ အသျှင်ဘုရား ယနေ့ ဒေဝဒတ်သည်သံဃာကို သင်းခွဲလတ္တံ့။ ဥပုသ်ကိုလည်းကောင်း၊ သံဃကံကိုလည်းကောင်း ပြုတော့အံ့''ဟု ဤသို့ လျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''သူတော်ကောင်းသည် ကောင်းသော အမှုကို ပြုလွယ်၏။ သူယုတ်မာသည် ကောင်းသော အမှုကို ပြုနိုင်ခဲ၏။ သူယုတ်မာသည် မကောင်းသော အမှုကို ပြုလွယ်၏။ အရိယာသူတော်ကောင်းတို့သည် မကောင်းသော အမှုကို ပြုဖို့ရန် ခဲယဉ်းလှ၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

အဋ္ဌမသုတ်။