ဥဒါန်းပါဠိတော်

၉-သဓာယမာနသုတ်

၄၉။ အကျွန်ုပ်သည်ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသလတိုင်းတို့၌ များစွာသော ရဟန်းအပေါင်းနှင့်အတူ ဒေသစာရီ လှည့်လည်တော်မူ၏။ ထိုအခါ များစွာသော လုလင်တို့သည် မြတ်စွာဘုရား၏ မနီးမဝေး၌ ပြက်ရယ်ပြောဆိုခြင်း သဘောရှိကုန်လျက်ဖြတ်သန်းသွားကြကုန်၏။ မြတ်စွာဘုရားသည် မနီးမဝေး၌ ပြက်ရယ်ပြောဆိုသော သဘောရှိသည်ဖြစ်၍ ဖြတ်သန်းသွားကြကုန်သော များစွာသော လုလင်တို့ကို မြင်သည်သာတည်း။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''သတိလွတ်ကုန်သော ပညာရှိယောင်ဆောင်ကုန်သော စကားသာ ကျက်စားရာရှိ သူတို့သည် အလိုရှိသမျှခံတွင်းဟ၍ ပြောဆိုတတ်ကုန်၏။ အရှက်မရှိခြင်း မိမိကိုယ်ကို ပညာရှိဟု ထင်မှတ်မှုကို ဆောင်ကြောင်းဖြစ်သော သတိကင်းလွတ်မှု စသည်ကို မူ ထိုသူတို့ မသိကြလေကုန်''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

နဝမသုတ်။