ဥဒါန်းပါဠိတော်

၁-အာယုသင်္ခါရောဿဇ္ဇနသုတ်

၅၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် ဝေသာလီပြည်သို့ ဆွမ်းခံဝင်တော်မူ၏။ ဝေသာလီပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့ပြီးသော်''အာနန္ဒာ နေရာထိုင်ခင်းကို ယူခဲ့လော့၊ နေ့သန့်စင်ရန် စာပါလစေတီသို့ ချဉ်းကပ်ကုန်အံ့''ဟု အသျှင်အာနန္ဒာအား မိန့်တော်မူ၏။

''အသျှင်ဘုရား ကောင်းပါပြီ''ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ စကားကို ဝန်ခံပြီးလျှင်နေရာထိုင်ခင်းကို ယူ၍ မြတ်စွာဘုရား၏ နောက်မှ နောက်မှ အစဉ်လိုက်လေ၏။ ထို့နောက် မြတ်စွာဘုရားသည် စာပါလစေတီသို့ ချဉ်းကပ်၍ ခင်းထားသောနေရာ၌ ထိုင်တော်မူပြီးသော် အာနန္ဒာ ဝေသာလီပြည် သည် မွေ့လျော်ဖွယ် ရှိ၏။ ဥဒေနနတ်ကွန်းသည် မွေ့လျော်ဖွယ် ရှိ၏။ ဂေါတမနတ်ကွန်းသည်မွေ့လျော်ဖွယ် ရှိ၏။ သတ္တမ္ဗနတ်ကွန်းသည် မွေ့လျော်ဖွယ် ရှိ၏။ ဗဟု ပုတ္တနတ်ကွန်းသည် မွေ့လျော်ဖွယ်ရှိ၏။ သာရန္ဒဒနတ်ကွန်းသည် မွေ့လျော်ဖွယ် ရှိ၏။ စာပါလနတ်ကွန်းသည် မွေ့လျော်ဖွယ် ရှိ၏။ အာနန္ဒာတစ်စုံတစ်ယောက်သောသူသည် ပြီးစီးခြင်း၏ အခြေခံ 'ဣဒ္ဓိပါဒ်လေးပါး'တို့ကို ပွါးများထား၏။ လေ့ကျင့် ထား၏။ ယာဉ်ကဲ့သို့ ပြုထား၏။ တည်ရာကဲ့သို့ ပြုထား၏။ ဆောက်တည်ထား၏။ ကောင်းစွာဆည်းပူး ထား၏။ ကောင်းစွာအားထုတ်ထား၏။ ထိုသူသည် အလိုရှိခဲ့မူ အာယုကပ်ပတ်လုံးဖြစ်စေ၊ အာယုကပ် ထက် လွန်၍ဖြစ်စေ တည်နိုင်ပေ၏။ အာနန္ဒာ မြတ်စွာဘုရားသည် ကား ပြီးစီးခြင်း၏အခြေခံ 'ဣဒ္ဓိပါဒ် လေးပါး'တို့ကို ပွါးများထားပြီး ဖြစ်၏။ လေ့ကျင့်ထားပြီး ဖြစ်၏။ ယာဉ်ကဲ့သို့ ပြုထားပြီး ဖြစ်၏။ တည်ရာကဲ့သို့ ပြုထားပြီး ဖြစ်၏။ ဆောက်တည်ထားပြီး ဖြစ်၏။ ကောင်းစွာဆည်းပူးထားပြီးဖြစ်၏။ ကောင်းစွာအားထုတ်ထားပြီးဖြစ်၏။ အာနန္ဒာ (သို့ ဖြစ်၍) မြတ်စွာဘုရားသည် အလိုရှိခဲ့မူ အာယုကပ် ပတ်လုံးဖြစ်စေ၊ အာယုကပ်ထက် လွန်၍ဖြစ်စေ တည်နိုင်ပေ၏ဟု (မိန့်တော်မူ၏)။

အသျှင်အာနန္ဒာသည်ကား မြတ်စွာဘုရားသည် ထင်ရှားသော နိမိတ်အရိပ်အရောင် ဤသို့ ပင်ပြသော်လည်း မာရ်နတ်နှောင့်ယှက်ခံရသော စိတ်ရှိသောကြောင့် သဘောပေါက်ခြင်းငှါ မစွမ်းနိုင်ချေ၊ (ထို့ကြောင့် ) ''အသျှင်ဘုရား လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန်အလို့ငှါနတ်လူတို့၏ အကျိုးစီးပွါးနှင့် ချမ်းသာအလို့ငှါ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့''ဟု မြတ်စွာဘုရားကို မတောင်းပန်မိချေ၊ နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ် မြောက်လည်း မြတ်စွာဘုရားသည် အသျှင်အာနန္ဒာအားမိန့်တော်မူ၏-

အာနန္ဒာ ဝေသာလီပြည် သည် မွေ့လျော်ဖွယ် ရှိ၏။ ဥဒေနနတ်ကွန်းသည် မွေ့လျော်ဖွယ်ရှိ၏။ ဂေါတမနတ်ကွန်းသည် မွေ့လျော်ဖွယ် ရှိ၏။ သတ္တမ္ဗနတ်ကွန်းသည် မွေ့လျော်ဖွယ် ရှိ၏။ ဗဟု ပုတ္တနတ်ကွန်းသည် မွေ့လျော်ဖွယ် ရှိ၏။ သာရန္ဒဒ နတ်ကွန်းသည် မွေ့လျော်ဖွယ် ရှိ၏။ စာပါလနတ်ကွန်းသည်မွေ့လျော်ဖွယ် ရှိ၏။ အာနန္ဒာ တစ်စုံတစ်ယောက်သောသူသည် ပြီးစီးခြင်း၏ အခြေခံ 'ဣဒ္ဓိပါဒ်လေးပါး'တို့ကို ပွါးများထား၏။ လေ့ကျင့်ထား၏။ ယာဉ်ကဲ့သို့ ပြုထား၏။ တည်ရာကဲ့သို့ ပြုထား၏။ ဆောက်တည် ထား၏။ ကောင်းစွာ ဆည်းပူးထား၏။ ကောင်းစွာအားထုတ်ထား၏။ ထိုသူသည် အလိုရှိခဲ့မူ အာယုကပ် ပတ်လုံးဖြစ်စေ၊ အာယုကပ်ထက် လွန်၍ဖြစ်စေ တည်နိုင်ပေ၏။ အာနန္ဒာမြတ်စွာဘုရားသည် ကား ပြီးစီးခြင်း၏ အခြေခံ 'ဣဒ္ဓိပါဒ်လေးပါး'တို့ကို ပွါးများထားပြီး ဖြစ်၏။ လေ့ကျင့်ထားပြီး ဖြစ်၏။ ယာဉ်ကဲ့သို့ ပြုထားပြီး ဖြစ်၏။ တည်ရာကဲ့သို့ ပြုထားပြီး ဖြစ်၏။ ဆောက်တည်ထားပြီး ဖြစ်၏။ ကောင်းစွာ ဆည်း ပူးထားပြီး ဖြစ်၏။ ကောင်းစွာအားထုတ်ထားပြီးဖြစ်၏။ အာနန္ဒာသို့ ဖြစ်၍ မြတ်စွာဘုရားသည် အလိုရှိခဲ့မူ အာယုကပ်ပတ်လုံးဖြစ်စေ၊ အာယုကပ်ထက်လွန်၍ဖြစ်စေ တည်နိုင်ပေ၏ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ထင်ရှားသော နိမိတ်အရိပ်အရောင်ကို ဤသို့ ပင်ပြသော်လည်း မာရ်နတ်နှောင့်ယှက်ခံရသော စိတ်ရှိသော အသျှင်အာနန္ဒာသည် သဘောပေါက်ခြင်းငှါ မစွမ်းနိုင်ချေ၊ (ထို့ကြောင့် ) ''အသျှင်ဘုရား လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန်အလို့ငှါ နတ်လူတို့၏အကျိုးစီးပွါးနှင့် ချမ်းသာအလို့ငှါ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့''ဟု မြတ်စွာဘုရားကို မတောင်းပန်မိချေ။

ထိုအခါ မြတ်စွာဘုရားသည် ''အာနန္ဒာ သင်သွားလော့၊ ယခုအခါ သွားရန်အချိန်ကို သင်သိ၏''ဟု အသျှင်အာနန္ဒာအား (မိန့်တော်မူ၏)။ ''အသျှင်ဘုရား ကောင်းပါပြီ''ဟု အသျှင်အာနန္ဒာသည်မြတ်စွာဘုရား၏ စကားကို ဝန်ခံပြီးလျှင် နေရာမှထကာ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြု၍မနီးမဝေး တစ်ခုသော သစ်ပင်ရင်း၌ ထိုင်နေလေ၏။

ထိုအခါ အသျှင်အာနန္ဒာ ဖဲကြွ၍ မကြာမီ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍တစ်ခုသောအရပ်၌ ရပ်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-

''အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန်ပြုတော်မူပါ၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန်ပြုတော်မူပါ၊ အသျှင်ဘုရားယခုအခါ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုရန် အချိန်တန်ပါပြီ။ အသျှင်ဘုရား မြတ်စွာဘုရားသည် 'မာရ်နတ်ငါ၏ တပည့်ရဟန်းတို့သည် အကြင်မျှလောက်ကာလပတ်လုံး တတ်သိလိမ္မာမရှိကြသေး၊ ကောင်းစွာ ဆုံးမပြီးမဖြစ်ကြသေး၊ မရဲရင့်ကြသေး၊ အကြားအမြင် မများကြသေး၊ တရားတော်ကို မဆောင်နိုင်ကြသေး၊ (လောကုတ္တရာ) တရားနှင့်လျော်သောတရားကို မကျင့်နိုင်ကြသေး၊လျော်သောအကျင့်ကို မကျင့်နိုင်ကြသေး၊ တရားနှင့်လျော်စွာ မကျင့်နိုင်ကြသေး၊ မိမိတို့ဆရာ့ဝါဒကို သင်ယူ၍ မပြောနိုင် မဟောနိုင် မပြနိုင်မတည်တံ့စေနိုင် မဖွင့်ပြနိုင် မဝေဖန်နိုင် မပေါ်လွင်စေနိုင်ကြကုန်သေး၊ ပေါ်ပေါက်လာသောသူတစ်ပါး၏ဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာနှိမ်နင်း၍အံ့ဖွယ်ရှိသောတရားကို မဟောပြနိုင်ကြကုန်သေး၊ ထိုမျှလောက် ကာလပတ်လုံး ငါသည် ပရိနိဗ္ဗာန်ပြုတော်မူမည် မဟုတ်'ဟု မိန့်တော်မူဖူးပါသည်။ အသျှင့်ဘုရား ယခုအခါ မြတ်စွာဘုရား၏ တပည့်ရဟန်းတို့သည် တတ်သိလိမ္မာကြပါပြီ။ ကောင်းစွာဆုံးမထားပြီး ဖြစ်ကြပါပြီ။ ရဲရင့်ကြပါပြီ။ အကြားအမြင်များကြပါပြီ။ တရားတော်ကို ဆောင်နိုင်ကြပါပြီ။ (လောကုတ္တရာ) တရားနှင့်လျော်သောတရားကို ကျင့်နိုင်ကြပါပြီ။လျော်သောအကျင့်ကို ကျင့်နိုင်ကြပါပြီ။ တရားနှင့်လျော်စွာ ကျင့်နိုင်ကြပါပြီ။ မိမိတို့ဆရာ့ဝါဒကို သင်ယူ၍ ပြောနိုင် ဟောနိုင် ပြနိုင်တည်တံ့စေနိုင် ဖွင့်ပြနိုင် ဝေဖန်နိုင် ပေါ်လွင်စေနိုင်ကြပါကုန်ပြီ။ ပေါ်ပေါက်လာသောသူတစ်ပါး၏ ဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာ နှိမ်နင်း၍အံ့ဖွယ်ရှိသောတရားကို ဟောပြနိုင်ကြပါကုန်ပြီ။ အသျှင်ဘုရားဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန်ပြုတော်မူပါ၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူပါ၊ အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုရန် အချိန်တန်ပါပြီ။

အသျှင်ဘုရား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူဖူးပါသည် 'မာရ်နတ် ငါ၏ တပည့်ရဟန်းမိန်းမတို့သည် အကြင်မျှလောက်ကာလပတ်လုံး တတ်သိလိမ္မာ မရှိကြသေး၊ ကောင်းစွာ ဆုံးမပြီးမဖြစ်ကြသေး၊ မရဲရင့်ကြသေး၊ အကြားအမြင် မများကြသေး၊ တရားတော်ကို မဆောင်နိုင်ကြသေး၊ (လောကုတ္တရာ) တရားနှင့်လျော်သောတရားကို မကျင့်နိုင်ကြသေး၊လျော်သောအကျင့်ကို မကျင့်နိုင်ကြသေး၊ တရားနှင့်လျော်စွာ မကျင့်နိုင်ကြသေး၊ မိမိတို့ဆရာ့ဝါဒကို သင်ယူ၍ မပြောနိုင် မဟောနိုင် မပြနိုင်မတည်တံ့စေနိုင် မဖွင့်ပြနိုင် မဝေဖန်နိုင် မပေါ်လွင်စေနိုင်ကြကုန်သေး၊ ပေါ်ပေါက်လာသောသူတစ်ပါး၏ဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာနှိမ်နင်း၍အံ့ဖွယ်ရှိသောတရားကို မဟောပြနိုင်ကြကုန်သေး၊ ထိုမျှလောက် ကာလပတ်လုံး ငါသည် ပရိနိဗ္ဗာန်ပြုတော်မူလိမ့်မည်မဟုတ်'ဟု (မိန့်တော်မူဖူးပါသည်)။ အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား၏ တပည့်ရဟန်းမိန်မတို့သည် တတ်သိလိမ္မာရှိကြပါပြီ။ ကောင်းစွာဆုံးမပြီးဖြစ်ကြပါပြီ။ ရဲရင့်ကြပါပြီ။ အကြားအမြင်များကြပါပြီ။ တရားတော်ကို ဆောင်နိုင်ကြပါပြီ။ (လောကုတ္တရာ) တရားနှင့်လျော်သောတရားကို ကျင့်နိုင်ကြပါပြီ။လျော်သောအကျင့်ကို ကျင့်နိုင်ကြပါပြီ။ တရားနှင့်လျော်စွာ ကျင့်နိုင်ကြပါပြီ။ မိမိတို့ဆရာ့ဝါဒကို သင်ယူ၍ ပြောနိုင် ဟောနိုင် ပြနိုင် တည်တံ့စေနိုင်ဖွင့်ပြနိုင် ဝေဖန်နိုင် ပေါ်လွင်စေနိုင်ကြပါကုန်ပြီ။ ဖြစ်ပေါ်လာသောသူတစ်ပါး၏ဝါဒကို အကြောင်းမှန်ဖြင့်ကောင်းစွာနှိမ်နင်း၍အံ့ဖွယ်ရှိသောတရားကို ဟောပြနိုင်ကြပါကုန်ပြီ။ အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန်ပြုတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူပါလော့၊ အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုရန်အချိန်တန်ပါပြီ။

အသျှင်ဘုရား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူဖူးပါသည် 'မာရ်နတ် ငါ၏ တပည့်ဥပါသကာတို့သည် အကြင်မျှလောက်ကာလပတ်လုံး တတ်သိလိမ္မာမရှိကြသေး၊ ကောင်းစွာ ဆုံးမပြီးမဖြစ်ကြသေး၊ မရဲရင့်ကြသေး၊ အကြားအမြင် မများကြသေး၊ တရားတော်ကို မဆောင်နိုင်ကြသေး၊ (လောကုတ္တရာ) တရားနှင့်လျော်သောတရားကို မကျင့်နိုင်ကြသေး၊လျော်သောအကျင့်ကို မကျင့်နိုင်ကြသေး၊ တရားနှင့်လျော်စွာ မကျင့်နိုင်ကြသေး၊ မိမိတို့ဆရာ့ဝါဒကို သင်ယူ၍ မပြောနိုင် မဟောနိုင် မပြနိုင်မတည်တံ့စေနိုင် မဖွင့်ပြနိုင် မဝေဖန်နိုင် မပေါ်လွင်စေနိုင်ကြကုန်သေး၊ ပေါ်ပေါက်လာသောသူတစ်ပါးတို့၏ ဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာ နှိမ်နင်း၍အံ့ဖွယ်ရှိသောတရားကို မဟောပြနိုင်ကြကုန်သေး၊ ထိုမျှလောက် ကာလပတ်လုံး ငါသည် ပရိနိဗ္ဗာန်ပြုတော်မူလိမ့်မည် မဟုတ်'ဟု (မိန့်တော်မူဖူးပါသည်)။ အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား၏ တပည့်သား ဥပါသကာတို့သည် တတ်သိလိမ္မာကြပါပြီ။ ကောင်းစွာ ဆုံးမပြီးဖြစ်ကြပါပြီ။ ရဲရင့်ကြပါပြီ။ အကြားအမြင် များကြပါပြီ။ တရားတော်ကို ဆောင်နိုင်ကြပါပြီ။ (လောကုတ္တရာ) တရားအားလျော်သောတရားကို ကျင့်နိုင်ကြပါပြီ။လျော်သောအကျင့်ကို ကျင့်နိုင် ကြပါပြီ။ တရားနှင့်လျော်စွာ ကျင့်နိုင်ကြပါပြီ။ မိမိတို့ဆရာ့ဝါဒကို ့သင်ယူ၍ ပြောနိုင် ဟောနိုင် ပြနိုင် တည်တံ့စေနိုင် ဖွင့်ပြနိုင် ဝေဖန်နိုင် ပေါ်လွင်စေနိုင်ကြပါပြီ။ ဖြစ်ပေါ်လာသောသူတစ်ပါးတို့၏ဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာ နှိမ်နင်း၍အံ့ဖွယ်ရှိသောတရားကို ဟောပြနိုင်ကြပါပြီ။ အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန်ပြုတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူပါလော့၊ အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုရန် အချိန်တန်ပါပြီ။

အသျှင်ဘုရား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူဖူးပါသည် 'မာရ်နတ် ငါ၏ တပည့်ဥပါသိကာမတို့သည် အကြင်မျှလောက်ကာလပတ်လုံး တတ်သိလိမ္မာ မရှိကြသေး၊ ကောင်းစွာ ဆုံးမပြီးမဖြစ်ကြသေး၊ မရဲရင့်ကြသေး၊ အကြားအမြင် မများကြသေး၊ တရားတော်ကို မဆောင်နိုင်ကြသေး၊ (လောကုတ္တရာ) တရားနှင့်လျော်သောတရားကို မကျင့်နိုင်ကြသေး၊လျော်သောအကျင့်ကို မကျင့်နိုင်ကြသေး၊ တရားနှင့်လျော်စွာ မကျင့်နိုင်ကြသေး၊ မိမိဆရာ့ဝါဒကို သင်ယူ၍ မပြောနိုင် မဟောနိုင် မပြနိုင်မတည်တံ့စေနိုင် မဖွင့်ပြနိုင် မဝေဖန်နိုင် မပေါ်လွင်စေနိုင်ကြကုန်သေး၊ ပေါ်ပေါက်လာသောသူတစ်ပါးတို့ဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာ နှိမ်နင်း၍အံ့ဖွယ်ရှိသောတရားကို မဟောပြနိုင်ကြကုန်သေး၊ ထိုမျှလောက် ကာလပတ်လုံး ငါသည် ပရိနိဗ္ဗာန်ပြုတော်မူလိမ့် မည်မဟုတ်'ဟု (မိန့်တော်မူဖူးပါသည်)။ အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား၏ တပည့် ဥပါသိကာမတို့သည် တတ်သိလိမ္မာရှိကြပါပြီ။ ကောင်းစွာ ဆုံးမပြီး ဖြစ်ကြပါပြီ။ ရဲရင့်ကြပါပြီ၊ အကြားအမြင် များကြပါပြီ။ တရားတော်ကို ဆောင်နိုင်ကြပါပြီ။ (လောကုတ္တရာ) တရားအားလျော်သောတရားကို ကျင့်နိုင်ကြပါပြီ။လျော်သောအကျင့်ကို ကျင့်နိုင်ကြပါပြီ။ တရားနှင့်လျော်စွာ ကျင့်နိုင်ကြပါပြီ။ မိမိတို့ဆရာ့ဝါဒကို သင်ယူ၍ပြောနိုင် ဟောနိုင် ပြနိုင် တည်တံ့စေနိုင် ဖွင့်နိုင် ဝေဖန်နိုင် ပေါ်လွင်စေနိုင်ကြပါကုန်ပြီ။ ဖြစ်ပေါ်လာသောသူတစ်ပါးတို့ဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာနှိမ်နင်း၍အံ့ဖွယ်ရှိသောတရားကို ဟောပြနိုင်ကြပါကုန်ပြီ။ အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန်ပြုတော်မူပါ၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူပါ၊ အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုရန် အချိန် တန်ပါပြီ။

အသျှင်ဘုရား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူဖူးပါသည် 'မာရ်နတ် ငါ၏ မြတ်သောအကျင့်ဟု ဆိုအပ်သော ဤသာသနာတော်သည် အကြင်မျှလောက် ကာလပတ်လုံး (ပညာရှိ) နတ်လူတို့ကောင်းစွာ ပြနိုင်သည့်တိုင်အောင် မပြည့်စုံသေး၊ မစည်ပင်သေး၊ မပြန့်ပွါးသေး၊ လူအများ မသိသေး၊ များစွာ မဖြစ်ထွန်းသေး၊ ထိုမျှလောက်ကာလပတ်လုံး ငါသည် ပရိနိဗ္ဗာန်ပြုတော်မူမည် မဟုတ်'ဟု (မိန့်တော်မူဖူးပါသည်)။ အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား၏ မြတ်သောအကျင့်ဟု ဆိုအပ်သော သာသနာတော်သည် (ပညာရှိ) နတ်လူတို့ ကောင်းစွာ ပြနိုင်သည့်တိုင်အောင် ပြည့်စုံပါပြီ။ စည်ပင်ပါပြီ။ ပြန့်ပွါးပါပြီ။ လူအများ သိပြီးပါပြီ။ များစွာ ဖြစ်ထွန်းပါပြီ။ အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန်ပြုတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူပါလော့၊ အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုရန် အချိန်တန်ပါပြီ''ဟု လျှောက်၏။

ဤသို့ လျှောက်သော် မြတ်စွာဘုရားသည် ယုတ်မာသော မာရ်နတ်အား ဤစကားကို မိန့်တော်မူ၏''မာရ်နတ် သင် မကြောင့်ကြလင့်၊ မြတ်စွာဘုရား၏ ပရိနိဗ္ဗာန်ပြုခြင်းသည် မကြာမီ ဖြစ်လိမ့်မည်၊ ဤနေ့မှ သုံးလလွန်သောအခါ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုလိမ့်မည်''ဟု (မိန့်တော်မူ၏)။

ထို့နောက် မြတ်စွာဘုရားသည် စာပါလနတ်ကွန်း၌ (နေစဉ်) အောက်မေ့မှု သတိ' ဆင်ခြင်ဉာဏ်'သမ္ပဇဉ်'ရှိလျက် အသက်ရှည်ရန်ပြုပြင်မှု 'အာယုသင်္ခါရ'ကို စွန့်လွှတ်တော်မူ၏။ မြတ်စွာဘုရားသည် အသက်ရှည်ရန် ပြုပြင်မှု 'အာယုသင်္ခါရ' စွန့်လွှတ်တော်မူလိုက်သောအခါ ကြက်သီးမွေးညင်းထလျက့်ကြောက်မက်ဖွယ်ရာ မြေငလျင် အကြီးအကျယ် လှုပ်လေပြီ။ တော်လည်းသံ (နတ်စည်)တို့သည်လည်းတခြိမ့်ခြိမ့် မြည်ဟည်းကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''မြတ်စွာဘုရားသည် အတုမဲ့နိဗ္ဗာန်နှင့် အဖန်ဖန်ဖြစ်မှုဘဝကို နှိုင်းချိန်လျက် ဘဝဖြစ်ရန်ပြုပြင်တတ်သော ကံကို စွန့်ပယ်ခဲ့လေပြီ။ အဇ္ဈတ္တတရား၌ မွေ့လျော်ကာ ကောင်းစွာ တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ ချပ်ဝတ်နှင့်တူသော မိမိသန္တာန်ရှိ ကိလေသာကွန်ရက်ကို ဖျက်ဆီးခဲ့လေပြီ''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

ပဌမသုတ်။