ဥဒါန်းပါဠိတော်

၁ဝ-ဥပ္ပဇ္ဇန္တိသုတ်

၆ဝ။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်လျက် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-

အသျှင်ဘုရား လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူကုန်သော မြတ်စွာဘုရားသျှင်တို့ ပွင့်တော်မမူသေးသမျှ ကာလပတ်လုံးသာသနာတော်ပြင်ပ အယူရှိသောတိတ္ထိပရိဗိုဇ်တို့သည် အရိုအသေပြုမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှုတုပ်ဝပ်မှုကို ခံရကုန်လျက် သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာတို့၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်တို့ကို ရရှိကုန်၏။ အသျှင်ဘုရား လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူကုန်သော မြတ်စွာဘုရားတို့သည် ပွင့်တော်မူသောအခါ၌ ကား သာသနာတော်ပြင်ပ အယူရှိသောတိတ္ထိပရိဗိုဇ်တို့သည် အရိုအသေပြုမှုအလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို မခံရကုန်မူ၍ သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာသူနာတို့၏ အထောက်အပံ့ ဖြစ်သော ဆေးအသုံးအဆောင်တို့ကို မရကြကုန်။ အသျှင်ဘုရား ယခုအခါ၌ မြတ်စွာဘုရားသည် လည်းကောင်း၊ ရဟန်းသံဃာသည်လည်းကောင်း အရိုအသေပြုမှု အလေးပြုမှုမြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို ခံယူရလျက် သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာတို့၏အထောက်အပံ့ဖြစ်သော ဆေးအသုံး အဆောင်တို့ကို ရရှိ၏ဟု (လျှောက်၏)။

အာနန္ဒာဟုတ်မှန်၏။ အာနန္ဒာ လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူကုန်သော မြတ်စွာဘုရားတို့သည် ပွင့်တော်မမူသေးသမျှ ကာလပတ်လုံး သာသနာတော်ပြင်ပ အယူရှိသောတိတ္ထိပရိဗိုဇ်တို့သည် အရိုအသေပြုမှု အလေးပြုမှု မြတ်နိုးမှုပူဇော်မှု တုပ်ဝပ်မှုကို ခံရကုန်လျက် သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာတို့၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်တို့ကို ရရှိကုန်၏။ အာနန္ဒာ လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူကုန်သော မြတ်စွာဘုရားတို့ ပွင့်တော်မူသောအခါ၌ ကား သာသနာတော် ပြင်ပ အယူရှိသောတိတ္ထိပရိဗိုဇ်တို့သည် အရိုအသေပြုမှု အလေးပြုမှုမြတ်နိုးမှုပူဇော်မှု တုပ်ဝပ်မှုကို မခံရမူ၍ သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာတို့၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်တို့ကို မရရှိကြကုန်။ ယခုအခါ ငါဘုရားသည် လည်းကောင်း၊ ရဟန်းသံဃာသည်လည်းကောင်း အရိုအသေပြုမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို ခံရလျက်သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာတို့၏ အထောက်အပံ့ ဖြစ်သော ဆေးအသုံးအဆောင်တို့ကို ့ရရှိ၏ဟု (မိန့်တော်မူ၏)။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''အကြင်မျှလောက် ကာလပတ်လုံး နေမင်းသည် မထွက်ပေါ်လာသေး၊ ထိုမျှ လောက် ကာလပတ်လုံးပိုးစုန်းကြူးသည် တောက်ပနေသေး၏။ နေမင်းထွက်ပေါ် လာသောအခါ ထိုပိုးစုန်းကြူးအရောင်ပျောက်သကဲ့သို့ မတောက်ပနိုင်သကဲ့သို့ ထို့အတူ အကြင်မျှလောက် ကာလပတ်လုံး လောက၌ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားတို့သည် မပွင့်ကုန်သေး၊ ထိုမျှ လောက် ကာလပတ်လုံး ကြံဆကာမျှဖြင့် ယူဆတတ်သောတိတ္ထိတို့၏ အရောင်သည်တောက်ပနိုင်သေး၏။ အကြင်အခါ မြတ်စွာဘုရားတို့သည် ပွင့်ကုန်၏။ ထိုအခါ ကြံဆကာမျှဖြင့်ယူတတ်သောတိတ္ထိတို့သည်လည်းကောင်း၊ တိတ္ထိတို့၏ တပည့်တို့သည်လည်းကောင်း မတောက်ပကုန်။ ဖောက်ပြန်သော အယူရှိသူ တိတ္ထိတို့သည် ဆင်းရဲမှ မလွတ်နိုင်ကြကုန်''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

ဒသမသုတ်။

ခြောက်ခုမြောက် ဇစ္စန္ဓဝဂ် ပြီး၏။