ဥဒါန်းပါဠိတော်

၃-ပစ္စဝေက္ခဏသုတ်

၅၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ပယ်အပ်ပြီးဖြစ်ကုန်သော မိမိ၏ များစွာသော အကုသိုလ်တရားယုတ်တို့ကိုလည်းကောင်း၊ ပွါးများမှု 'ဘာဝနာ'၏ ပြည့်စုံခြင်းသို့ ရောက်ကုန်သော များစွာသော ကုသိုလ်တရားတို့ကိုလည်းကောင်း ဆင်ခြင်လျက် နေတော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် ပယ်အပ်ပြီးဖြစ်ကုန်သော မိမိ၏ များစွာသော အကုသိုလ် တရားယုတ်တို့ကိုလည်းကောင်း၊ ပွါးများမှု 'ဘာဝနာ'၏ ပြည့်စုံခြင်းသို့ ရောက်ကုန်သော များစွာသော ကုသိုလ်တရားတို့ကိုလည်းကောင်း သိတော်မူ၍ ထိုသိသောအချိန်၌- ''(အရဟတ္တမဂ်ဉာဏ် ဖြစ်ပေါ်လာသည်မှ) ရှေးကာလ၌ ကိလေသာအပေါင်းသည် ဖြစ်ခဲ့ဖူးပြီ။ ရှေးအခါ က ဖြစ်ခဲ့ဖူးသော ကိလေသာအပေါင်းသည် ထိုအရဟတ္တမဂ် ဉာဏ် ဖြစ်ပေါ်သောအခါ မဖြစ်တော့ပြီ။ (အရိယာမဂ်ခဏမှ) ရှေးကာလ၌ ဆအသာ ဓာရဏဉာဏ်အစရှိသော အနဝဇ္ဇတရားအပေါင်းသည် မဖြစ်ဖူးခဲ့၊ ထိုအနဝဇ္ဇတရား အပေါင်းသည် အရဟတ္တမဂ်ဉာဏ်ဖြစ်ပေါ်လာသောအခါ ဖြစ်ပေါ်ခဲ့၏။ အရိယာမဂ်သည် ရှေးအခါ၌လည်း မဖြစ်ဖူး၊ နောင်လည်းဖြစ်လိမ့်မည် မဟုတ်၊ ယခုလည်း မရှိပေ''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

တတိယသုတ်။