ဥဒါန်းပါဠိတော်

၄-ပဌမနာနာတိတ္ထိယသုတ်

၅၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အထူးထူးသော အယူ အထူးထူးသော အလို 'ဆန္ဒ' အထူးထူးသော နှစ်သက်ခြင်းရှိကုန်၍ အထူးထူးသော အယူတည်းဟူသောမှီရာကိုမှီတတ်ကုန်သော များစွာသော အထူးထူးသောတိတ္ထိ သမဏဗြာဟ္မဏပရိဗိုဇ်အမျိုးမျိုးတို့သည်သာဝတ္ထိပြည်၌ နေကြကုန်၏။

''လောကသည် မြဲ၏။ ဤအယူသည်သာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ ထို့ပြင် ''လောကသည်မမြဲ၊ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ ထို့ပြင် ''လောကသည် အဆုံးရှိ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ ထို့ပြင် ''လောကသည် အဆုံးမရှိ၊ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ ထို့ပြင် ''ထိုအသက်သည် ထိုကိုယ်တည်း။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည်အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ ထို့ပြင် ''အသက်သည်တခြားကိုယ်သည်တခြားတည်း။ ဤအယူသာမှန်ပါ၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ ထို့ပြင် ''သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ ထို့ပြင် ''သတ္တဝါသည် သေသည်မှနောက်၌ မဖြစ်၊ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ ရှိကုန်သော သမဏဗြာဟ္မဏ့အချို့တို့သည် ရှိကုန်၏။ ထို့ပြင် ''သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်လည်း ဖြစ်၏။ မဖြစ်လည်းမဖြစ်၊ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ ထို့ပြင် ''သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်၊ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည်အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။

ထိုသမဏဗြာဟ္မဏတို့သည် ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန် ဆန့်ကျင်ဘက်စကား ပြောဆိုကြကုန်လျက် ''ဤသဘောကား တရားဟုတ်၏။ ဤသဘောကား တရားမဟုတ်။ ဤသဘောကား တရားမဟုတ်၊ ဤသဘောကား တရားဟုတ်၏''ဟု အချင်းချင်း နှုတ်လှံထိုးလျက် နေကြကုန်၏။

ထိုအခါ များစွာသော ရဟန်းတို့သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ကုန်၏။ သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်၍ဆွမ်းခံပြီးနောက် ဆွမ်းခံရွာမှ ဖဲကြကုန်လျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေကြကုန်ပြီးသော် မြတ်စွာဘုရားအား ''အသျှင်ဘုရားအထူးထူးသော အယူ အထူးထူးသော အလို 'ဆန္ဒ' အထူးထူးသော နှစ်သက်ခြင်းရှိကုန်၍ အထူးထူးသော အယူတည်းဟူသောမှီရာကိုမှီတတ်ကုန်သော များစွာသော အထူးထူးသောတိတ္ထိသမဏဗြာဟ္မဏပရိဗိုဇ်အမျိုးမျိုးတို့သည်သာဝတ္ထိ ပြည်၌ နေကြကုန်၏။ ''လောကသည် မြဲ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိပါကုန်၏။ပ။ ထိုသမဏဗြာဟ္မဏအချို့တို့သည် ငြင်းခုံကြကုန်ခိုက်ရန်ဖြစ်ကြကုန် ဆန့်ကျင်ဘက်စကား ပြောဆိုကြကုန်လျက် 'ဤသဘောကား တရားဟုတ်၏။ ဤသဘောကား တရားမဟုတ်။ ဤသဘောကား တရားမဟုတ်၊ ဤသဘောကား တရားဟုတ်၏'ဟု အချင်းချင်း နှုတ်လှံထိုးလျက် နေကြပါကုန်သည်''ဟု ဤစကားကို လျှောက်ကုန်၏။

ရဟန်းတို့ သာသနာပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့သည် ကန်းကုန် ပညာမျက်စိမရှိကုန်သည်ဖြစ်၍အကျိုးကို မသိကုန် အကျိုးမဲ့ကို မသိကုန် တရားကို မသိကုန် တရားမဟုတ်သည်ကို မသိကုန်။ ထိုသူတို့သည် အကျိုးကို မသိကုန်ဘဲ အကျိုးမဲ့ကို မသိကုန်ဘဲ တရားကို မသိကုန်ဘဲ တရားမဟုတ်သည်ကို မသိကုန်ဘဲ ''ဤသဘောကား တရားဟုတ်၏။ ဤသဘောကား တရားမဟုတ်၊ ဤသဘောကားတရားမဟုတ်၊ ဤသဘောကား တရားဟုတ်၏''ဟု ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန် ဆန့်ကျင်ဘက်စကား ပြောဆိုကြကုန်လျက် အချင်းချင်း နှုတ်လှံထိုးလျက် နေကြကုန်၏။

ရဟန်းတို့ ဤသာဝတ္ထိပြည်၌သာလျှင် တစ်ဦးသော မင်းသည် ရှေးကဖြစ်ဖူး၏။ ရဟန်းတို့ ထိုအခါ ထိုမင်းသည် မင်းချင်းယောကျာ်းတစ်ယောက်ကို ''အချင်းယောကျာ်း လာလော့၊ သာဝတ္ထိပြည်၌ ရှိကြသည့်သူကန်းအားလုံးတို့ကို တစ်ပေါင်းတည်း စုဝေးစေလော့''ဟု အမိန့်ပေး၏။ ရဟန်းတို့ ထိုယောကျာ်းသည် ''အရှင်မင်းကြီး ကောင်းပါပြီ''ဟု ထိုမင်း၏စကားကို ဝန်ခံ၍ သာဝတ္ထိပြည်တွင်းရှိ သူကန်းအားလုံးတို့ကို ခေါ်ယူ၍ ထိုမင်းကြီးထံသို့ ချဉ်းကပ်လျက် ထိုမင်းကြီးကို ''အရှင်မင်းကြီး သာဝတ္ထိပြည်တွင်းရှိသူကန်းအားလုံးတို့ကို စည်းဝေးစေအပ်ပါပြီ''ဟု သံတော်ဦးတင်၏။ အချင်းသို့ ဖြစ်လျှင်သူကန်းတို့အား ဆင်ကို ပြလော့ဟု အမိန့်ပေး၏။ ရဟန်းတို့ ထိုမင်းချင်းယောကျာ်းသည် ''အရှင်မင်းကြီးကောင်းပါပြီ''ဟု ထိုမင်းကြီး၏ စကားကို ဝန်ခံ၍ သူကန်းတို့အား ဆင်ကို ပြ၏-

''သူကန်းတို့ ဆင်ကား ဤသဘောရှိ၏''ဟု သူကန်းအချို့တို့အား ဆင်၏ ဦးခေါင်းကို ပြ၏။ ''သူကန်းတို့ ဆင်ကား ဤသဘောရှိ၏''ဟု သူကန်းအချို့တို့အား ဆင်၏ နားကို ပြ၏။ ''သူကန်းတို့ဆင်ကား ဤသဘောရှိ၏''ဟု သူကန်းအချို့တို့အား ဆင်၏ အစွယ်ကို ပြ၏။ ''သူကန်းတို့ ဆင်ကား့ဤသဘောရှိ၏''ဟု သူကန်းအချို့တို့အား ဆင်၏ နှာမောင်းကို ပြ၏။ ''သူကန်းတို့ ဆင်ကား ဤသဘောရှိ၏''ဟု သူကန်းအချို့တို့အား ဆင်၏ကိုယ်ကို ပြ၏။ ''သူကန်းတို့ ဆင်ကား ဤသဘောရှိ၏''ဟု သူကန်း အချို့တို့အား ဆင်၏ ခြေထောက်ကို ပြ၏။ ''သူကန်းတို့ ဆင်ကားဤသဘောရှိ၏''ဟု သူကန်းအချို့တို့အား ဆင်၏ ပေါင်ကို ပြ၏။ ''သူကန်းတို့ ဆင်ကားဤသဘောရှိ၏''ဟု သူကန်း အချို့တို့အား ဆင်၏။ မီးတံကို ပြ၏။ ''သူကန်းတို့ ဆင်ကားဤသဘောရှိ၏''ဟု သူကန်းအချို့တို့အား ဆင်၏။ မီးဆံကို ပြ၏။

ရဟန်းတို့ ထို့နောက် ထိုမင်းချင်းယောက်ကျာ်းသည် သူကန်းတို့အား ဆင်ကို ပြပြီးလျှင် ထိုမင်း ရှိရာသို့ ချဉ်းကပ်၍ ထိုမင်းကို ''အရှင်မင်းကြီး ထိုသူကန်းတို့သည် ဆင်ကို တွေ့မြင်အပ်ပါပြီ။ ယခုအခါ သွားရန်အချိန် အခါ ကို သိတော်မူပါလော့''ဟု လျှောက်၏။

ရဟန်းတို့ ထို့နောက် ထိုမင်းကြီးသည် ထိုသူကန်းတို့ထံသို့ ချဉ်းကပ်၍ ထိုသူကန်းတို့ကို ''သူ ကန်းတို့သင်တို့သည် ဆင်ကို မြင်ကြကုန်ပြီလော''ဟု (မိန့်တော်မူ၏)။ အရှင်မင်းကြီးမှန်ပါ၏။ အကျွန်ုပ်တို့သည် ဆင်ကို မြင်ဖူးပါကုန်ပြီဟု သံတော်ဦးတင်ကုန်၏။

သူကန်းတို့ ပြောကြကုန်လော့၊ ဆင်ကား အဘယ်သို့ သဘောရှိကုန်သနည်းဟု (မိန့်၏)။ ရဟန်းတို့ဆင်၏ ဦးခေါင်းကို စမ်းသပ်မိသောသူကန်းတို့က ''အရှင်မင်းကြီး ဆင်သည် ရေအိုးနှင့် တူပါ၏''ဟု ဤသို့ သံတော်ဦးတင်ကုန်၏။

ရဟန်းတို့ ဆင်၏ နားရွက်ကို စမ်းသပ်မိသောသူကန်းတို့က ''အရှင်မင်းကြီး ဆင်သည် ဗန်းဆန်ကောနှင့် တူပါ၏''ဟု ဤသို့ သံတော်ဦးတင်ကုန်၏။

ရဟန်းတို့ ဆင်၏ အစွွယ်ကို စမ်းသပ်မိသောသူကန်းတို့က ''အရှင်မင်းကြီး ဆင်သည် ထွန်သွားနှင့်တူပါ၏''ဟု ဤသို့ သံတော်ဦးတင်ကုန်၏။

ရဟန်းတို့ ဆင်၏ နှာမောင်းကို စမ်းသပ်မိသောသူကန်းတို့က ''အရှင်မင်းကြီး ဆင်သည် ထွန်သံနှင့်တူပါ၏''ဟု ဤသို့ သံတော်ဦးတင်ကုန်၏။

ရဟန်းတို့ ဆင်၏ကိုယ်ကို စမ်းသပ်မိသောသူကန်းတို့က ''အရှင်မင်းကြီး ဆင်သည် ကျီကြနံရံနှင့်တူပါ၏''ဟု ဤသို့ သံတော်ဦးတင်ကုန်၏။

ရဟန်းတို့ ဆင်၏ ခြေထောက်ကို စမ်းသပ်မိသောသူကန်းတို့က ''အရှင်မင်းကြီး ဆင်သည် တိုင်နှင့်တူပါ၏''ဟု ဤသို့ သံတော်ဦးတင်ကုန်၏။

ရဟန်းတို့ ဆင်၏ ပေါင်ကို စမ်းသပ်မိသောသူကန်းတို့က ''အရှင်မင်းကြီး ဆင်သည် လက်ဆုံနှင့်တူပါ၏''ဟု ဤသို့ သံတော်ဦးတင်ကုန်၏။

ရဟန်းတို့ ဆင်၏။ မီးတံကို စမ်းသပ်မိသောသူကန်းတို့က ''အရှင်မင်းကြီး ဆင်သည် ကျည်ပွေ့နှင့်တူပါ၏''ဟု ဤသို့ သံတော်ဦးတင်ကုန်၏။

ရဟန်းတို့ ဆင်၏။ မီးဆံကို စမ်းသပ်မိသောသူကန်းတို့က ''အရှင်မင်းကြီး ဆင်သည် တံမြက်စည်းနှင့် တူပါ၏''ဟု ဤသို့ သံတော်ဦးတင်ကုန်၏။

ထိုသူကန်းတို့သည် ''ဆင်သည် ဤသဘောရှိ၏။ ဆင်သည် ဤသဘောမရှိ၊ ဤသဘောရှိသည်ကားဆင်မဟုတ်၊ ဤသဘောရှိသည်ကား ဆင်တည်း''ဟု အချင်းချင်း လက်သီးဆုပ်တို့ဖြင့် ထိုးကြိတ်ကုန်၏။ ရဟန်းတို့ ထိုသို့ ထိုးကြိတ်သောအခါ ထိုမင်းသည် ဝမ်းမြောက်ဝမ်းသာ ရယ်မောလေ၏။

ရဟန်းတို့ ဤအတူပင် သာသနာတော်မှ ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့သည် ကန်းကုန်သည်ပညာမျက်စိမရှိကုန်သည်ဖြစ်၍ အကျိုးကို မသိကုန်။ အကျိုးမဲ့ကို မသိကုန်။ တရားကို မသိကုန်။ တရားမဟုတ်သည်ကို မသိကုန်။ ထိုသူတို့သည် အကျိုးကို မသိကုန်ဘဲ အကျိုးမဲ့ကို မသိကုန်ဘဲ တရားကို မသိကုန်ဘဲ တရားမဟုတ်သည်ကို မသိကုန်ဘဲ ''ဤသဘောကား တရားတည်း၊ ဤသဘောကား တရား့မဟုတ်၊ ဤသဘောကား တရားမဟုတ်၊ ဤသဘောကား တရားတည်း''ဟု ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန် ဆန့်ကျင်ဘက်စကားကို ပြောဆိုကြကုန်လျက် အချင်းချင်း နှုတ်လှံထိုးလျက် နေကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''အချို့ကုန်သော သမဏဗြာဟ္မဏတို့သည် အနှစ်မရှိသည့် ဤမိစ္ဆာအယူတို့၌ နှစ်သက်စွဲလမ်းကပ်ငြိကုန်ဘိ၏။ (ဆင်ကို) တစ်စိတ်တစ်ဒေသ စမ်းသပ်မိကြသည့် သူကန်းတို့ကဲ့သို့ အချင်းချင်းဆန့်ကျင်ဘက်ပြုကာ ငြင်းခုံကြကုန်၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

စတုတ္ထသုတ်။