ဥဒါန်းပါဠိတော်

၅-ဒုတိယနာနာတိတ္ထိယသုတ်

၅၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အထူးထူးသော အယူ အထူးထူးသော အလို 'ဆန္ဒ' အထူးထူးသော နှစ်သက်ခြင်းရှိကြ၍ အထူးထူးသော အယူတည်းဟူသောမှီရာကိုမှီတတ်ကုန်သော များစွာသောတိတ္ထိသမဏ, ဗြာဟ္မဏပရိဗိုဇ်အမျိုးမျိုးတို့သည်သာဝတ္ထိပြည်၌ နေကြကုန်၏။

''အတ္တသည်လည်းကောင်း လောကသည်လည်းကောင်း မြဲ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ ''အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မမြဲ၊ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ ''အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲလည်းမြဲ၏။ မမြဲလည်းမမြဲ၊ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ ''အတ္တသည်လည်းကောင်းလောကသည်လည်းကောင်း မြဲသည်လည်း မဟုတ်၊ မမြဲသည်လည်း မဟုတ်၊ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏ အချို့တို့သည် ရှိကုန်၏။

''အတ္တကိုလည်းကောင်း လောကကိုလည်းကောင်း မိမိပြုအပ်၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ ''အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း သူတစ်ပါးသည် ပြုအပ်၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏ အချို့တို့သည် ရှိကုန်၏။ ''အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်းမိမိလည်း ပြုအပ်၏။ သူတစ်ပါးလည်း ပြုအပ်၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ ''အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း မိမိလည်း မပြုအပ်၊ သူတစ်ပါးလည်း မပြုအပ်၊ တစ်စုံတစ်ခုသော အကြောင်းကို မစွဲမူ၍ ဖြစ်၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။

''အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲ၏။ ချမ်းသာဆင်းရဲ ရှိ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ ''အတ္တသည်လည်းကောင်း လောကသည်လည်းကောင်း မမြဲ၊ ချမ်းသာ ဆင်းရဲရှိ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ ''အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲလည်းမြဲ၏။ မမြဲလည်းမမြဲ၊ ချမ်းသာဆင်းရဲ ရှိ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ ''အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်းမြဲသည်လည်း မဟုတ်၊ မမြဲသည်လည်း မဟုတ်၊ ချမ်းသာ, ဆင်းရဲ ရှိ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ ''အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း မိမိပြုအပ်၏။ ချမ်းသာဆင်းရဲ ရှိ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။

''အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း သူတစ်ပါး ပြုအပ်၏။ ချမ်းသာ, ဆင်းရဲ ရှိ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ ''အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း မိမိလည်း ပြုအပ်၏။ သူတစ်ပါးလည်း ပြုအပ်၏။ ချမ်းသာဆင်းရဲ ရှိ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏ အချို့တို့သည် ရှိကုန်၏။ ''အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း မိမိလည်း မပြုအပ်၊ သူတစ်ပါးလည်း မပြုအပ်၊ တစ်စုံတစ်ခုသော အကြောင်းကို မစွဲမူ၍ ဖြစ်၏။ ချမ်းသာဆင်းရဲ ရှိ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည်အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။

ထိုသမဏဗြာဟ္မဏတို့သည် ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန် ဆန့်ကျင်ဘက်စကားကို ဆိုကြကုန်လျက် ''ဤသဘောကား တရားဟုတ်၏။ ဤသဘောကား တရားမဟုတ်၊ ဤသဘောကားတရားမဟုတ်၊ ဤသဘောကား တရားဟုတ်၏''ဟု အချင်းချင်း နှုတ်လှံထိုးလျက် နေကြကုန်၏။

ထိုအခါ များစွာသော ရဟန်းတို့သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ကုန်၏။ သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်၍ဆွမ်းခံပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့ကြသော ထိုရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေကြပြီးသော် မြတ်စွာဘုရားအား ''အသျှင်ဘုရားအထူးထူးသော အယူ အထူးထူးသော အလို 'ဆန္ဒ' အထူးထူးသော နှစ်သက်ခြင်း ရှိကြကုန်လျက်အထူးထူးသော အယူကိုမှီ၍ တည်ကုန်သော များစွာသောတိတ္ထိ သမဏဗြာဟ္မဏပရိဗိုဇ်အမျိုးမျိုးတို့သည်သာဝတ္ထိပြည်၌ နေကြပါကုန်၏။

''အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ပ။ ထိုသမဏဗြာဟ္မဏတို့သည် ငြင်းခုံကြကုန်ခိုက်ရန်ဖြစ်ကြကုန် ဆန့်ကျင်ဘက် စကားကို ပြောဆိုကုန်လျက် 'ဤသဘောကား တရားဟုတ်၏။ ဤသဘောကား တရားမဟုတ်၊ ဤသဘောကား တရားမဟုတ်၊ ဤသဘောကား တရားဟုတ်၏'ဟု အချင်းချင်း နှုတ်လှံထိုးလျက် နေကြပါကုန်၏''ဟု လျှောက်ကုန်၏။

ရဟန်းတို့ ဤသာသနာတော်မှ ပြင်ပအယူရှိသော ပရိဗိုဇ်တို့သည် ကန်းကုန် (ပညာ) မျက်စိမရှိကုန်သည်ဖြစ်၍ အကျိုးကို မသိကုန်။ အကျိုးမဲ့ကို မသိကုန်။ တရားကို မသိကုန်။ တရားမဟုတ်သည်ကို မသိကုန်။ ထိုသူတို့သည် အကျိုးကို မသိကုန်ဘဲ အကျိုးမဲ့ကို မသိကုန်ဘဲ တရားကို မသိကုန်ဘဲ တရား့မဟုတ်သည်ကို မသိကုန်ဘဲ ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန် ဆန့်ကျင်ဘက်စကားကို ပြောဆိုကုန်လျက်''ဤသဘောကား တရားဟုတ်၏။ ဤသဘောကား တရားမဟုတ်၊ ဤသဘောကား တရားမဟုတ်၊ ဤသဘောကား တရားဟုတ်၏''ဟု အချင်းချင်း နှုတ်လှံထိုးလျက် နေကြကုန်၏ဟု (မိန့်တော်မူ၏)။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''အချို့ကုန်သော သမဏဗြာဟ္မဏတို့သည် အနှစ်မရှိသည့် ဤမိစ္ဆာအယူတို့၌ နှစ်သက်စွဲလမ်းကပ်ငြိကုန်ဘိ၏။ ထိုသူတို့သည် ထောက်တည်ရာ နိဗ္ဗာန်သို့ မရောက် ကြကုန်မူ၍အကြား၌သာလျှင် (သြဃလေးဖြာ သံသရာ၌) နစ်မြုပ်ကြရကုန်၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

ပဉ္စမသုတ်။