ဥဒါန်းပါဠိတော်

၆-တတိယနာနာတိတ္ထိယသုတ်

၅၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အထူးထူးသော အယူ အထူးထူးသော အလို 'ဆန္ဒ' အထူးထူးသော နှစ်သက်ခြင်း ရှိကုန်လျက်အထူးထူးသော အယူကိုမှီ၍ တည်ကုန်သော များစွာသောတိတ္ထိ, သမဏ, ဗြာဟ္မဏပရိဗိုဇ်အမျိုးမျိုးတို့သည်သာဝတ္ထိပြည်၌ နေကြကုန်၏။

''အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ ''အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မမြဲ၊ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ ''အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲလည်းမြဲ၏။ မမြဲလည်းမမြဲ၊ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ ''အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲသည်လည်းမဟုတ် မမြဲသည်လည်းမဟုတ်၊ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။

''အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း မိမိပြုအပ်၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏ အချို့တို့သည် ရှိကုန်၏။ ''အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း သူတစ်ပါးပြုအပ်၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏ အချို့တို့သည် ရှိကုန်၏။ ''အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း မိမိလည်းပြုအပ်၏။ သူတစ်ပါးလည်း ပြုအပ်၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ ရှိကုန်သော သမဏ, ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ ''အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း မိမိလည်း မပြုအပ်၊ သူတစ်ပါးလည်း မပြုအပ်၊ တစ်စုံတစ်ခုသော အကြောင်းကို မစွဲမူ၍ ဖြစ်၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည်အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။

''အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲ၏။ ချမ်းသာဆင်းရဲရှိ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏ အချို့တို့သည် ရှိကုန်၏။ ''အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မမြဲ၊ ချမ်းသာဆင်းရဲ ရှိ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ ''အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲလည်းမြဲ၏။ မမြဲလည်းမမြဲ၊ ချမ်းသာဆင်းရဲ ရှိ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ ''အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲသည်လည်းမဟုတ်၊ မမြဲသည်လည်း မဟုတ်၊ ချမ်းသာဆင်းရဲ ရှိ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည်အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။

''အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း မိမိပြုအပ်၏။ ချမ်းသာဆင်းရဲ ရှိ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏ အချို့တို့သည် ရှိကုန်၏။ ''အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်းသူတစ်ပါးပြုအပ်၏။ ချမ်းသာဆင်းရဲ ရှိ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ ရှိကုန်သော သမဏ, ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ ''အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း မိမိလည်း ပြုအပ်၏။ သူတစ်ပါးလည်း ပြုအပ်၏။ ချမ်းသာ ဆင်းရဲ ရှိ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏ အချို့တို့သည် ရှိကုန်၏။ ''အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း မိမိလည်း မပြုအပ်၊ သူတစ်ပါးလည်း မပြုအပ်၊ တစ်စုံတစ်ခုသော အကြောင်းကို မစွဲမူ၍ ဖြစ်၏။ ချမ်းသာဆင်းရဲ ရှိ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။

ထိုသမဏဗြာဟ္မဏတို့သည် ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန် ဆန့်ကျင်ဘက်စကားကို ပြောဆိုကြကုန်လျက် ''ဤသဘောကား တရားဟုတ်၏။ ဤသဘောကား တရားမဟုတ်၊ ဤသဘောကား တရားမဟုတ်၊ ဤသဘောကား တရားဟုတ်၏''ဟု အချင်းချင်း နှုတ်လှံထိုးလျက် နေကြကုန်၏။

ထိုအခါ များစွာသော ရဟန်းတို့သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ကုန်၏။ သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်၍ဆွမ်းခံပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့ကြကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေကြကုန်ပြီးသော် မြတ်စွာဘုရားအား''အသျှင်ဘုရား အထူးထူးသော အယူ အထူးထူးသော အလို 'ဆန္ဒ' အထူးထူးသော နှစ်သက်ခြင်းရှိကြကုန်လျက် အထူးထူးသော အယူကိုမှီ၍ တည်ကုန်သော များစွာသောတိတ္ထိ သမဏဗြာဟ္မဏ ပရိဗိုဇ်အမျိုးမျိုးတို့သည်သာဝတ္ထိပြည်၌ နေကြပါကုန်၏။ ''အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲ၏။ ဤအယူသာမှန်၏။ တစ်ပါးသော အယူသည်အချည်းနှီးသာတည်း''ဟု ဤသို့ ဆိုလေ့ ဤသို့ ယူလေ့ရှိကုန်သော သမဏ, ဗြာဟ္မဏအချို့တို့သည် ရှိကုန်၏။ပ။ ထိုသမဏဗြာဟ္မဏတို့သည် ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန် ဆန့် ကျင်ဘက်စကားကို ပြောဆိုကြကုန်လျက် 'ဤသဘောကား တရားဟုတ်၏။ ဤသဘောကား တရား မဟုတ်၊ ဤသဘောကား တရားမဟုတ်၊ ဤသဘောကား တရားဟုတ်၏''ဟု အချင်းချင်း နှုတ်လှံထိုးလျက်နေကြပါကုန်၏''ဟု လျှောက်ကုန်၏။

ရဟန်းတို့ သာသနာတော်ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့သည် ကန်းကုန် (ပညာ) မျက်စိမရှိကုန့်သည်ဖြစ်၍ အကျိုးကို မသိကုန်။ အကျိုးမဲ့ကို မသိကုန်။ တရားကို မသိကုန်။ တရားမဟုတ်သည်ကို မသိကုန်။ ထိုသူတို့သည် အကျိုးကို မသိကြကုန်ဘဲ အကျိုးမဲ့ကို မသိကြကုန်ဘဲ တရားကို မသိကြကုန်ဘဲ တရားမဟုတ်သည်ကို မသိကြကုန်ဘဲ ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန် ဆန့်ကျင်ဘက်စကားကို ပြော ဆိုကြကုန်လျက် ''ဤသဘောကား တရားဟုတ်၏။ ဤသဘောကား တရားမဟုတ်၊ ဤသဘောကား တရားမဟုတ်၊ ဤသဘောကား တရားဟုတ်၏''ဟု အချင်းချင်း နှုတ်လှံထိုးလျက်နေကြကုန်၏ဟု (မိန့်တော်မူ၏)။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''ဤသတ္တဝါအပေါင်းသည် အတ္တလောကသုခနှင့် ဒုက္ခကို ငါပြု၏ဟူသော မိစ္ဆာ အယူ၌ လေ့လာအားထုတ်၏။ သူတစ်ပါး (အစိုးရသူ) ပြု၏ဟူသော မိစ္ဆာအယူနှင့် စပ်ယှဉ်၏။ (အဓိစ္စသမုပ္ပန္နအယူရှိသူ) သမဏဗြာဟ္မဏအချို့တို့သည် ဤမိစ္ဆာအယူ နှစ်မျိုးကို လက်မခံနိုင်ကြကုန်။ သို့ ပင်ဖြစ်သော်လည်း ထိုမိစ္ဆာအယူနှစ်မျိုးကို (ဒုက္ခကို ဖြစ်စေတတ်သည့်) မြားငြောင့်ဟူ၍လည်းမမြင်နိုင်ကြကုန်။ ဤမိစ္ဆာအယူနှစ်မျိုးကို မြားငြောင့်ဟု ကြိုတင်၍ မြင်သူအားမူကား ငါပြု၏ဟူ၍လည်းအယူမဖြစ်၊ သူတစ်ပါးပြု၏ဟူ၍လည်း အယူမဖြစ်၊ ဤသတ္တဝါအပေါင်းသည် မာနနှင့်ပြည့်စုံသည်မာနဖြင့် ထုံးဖွဲ့အပ်သည် မာနဖြင့် ရစ်ပတ်အပ်သည်ဖြစ်၍ မိစ္ဆာအယူတို့၌ (အတ္တုက္ကံသန ပရဝမ႓နအားဖြင့်) ခြုတ်ခြယ်စွပ်စွဲသော စကားရှိသောကြောင့် သံသရာကို မလွန်မြောက်နိုင်''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

ဆဋ္ဌသုတ်။