ဥဒါန်းပါဠိတော်

၇-သုဘူတိသုတ်

၅၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်သုဘူတိသည် မြတ်စွာဘုရား၏ မနီးမဝေး၌ ဝိတက်ကင်းသော အရဟတ္တဖိုလ်သမာဓိကို ဝင်စားလျက်ကိုယ်ကို ဖြောင့်မတ်စွာ ထားပြီးလျှင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေ၏။

မြတ်စွာဘုရားသည် မနီးမဝေး၌ ဝိတက်ကင်းသော အရဟတ္တဖိုလ်သမာဓိကို ဝင်စားလျက်ကိုယ်ကို ဖြောင့်မတ်စွာ ထားပြီးလျှင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသော အသျှင်သုဘူတိကို မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''အကြင်ပုဂ္ဂိုလ်အား အတွင်းသန္တာန်၌ မိစ္ဆာဝိတက်တို့ကို ဖျက်ဆီးအပ်ကုန်ပြီ။ အကြွင်းမဲ့ ကောင်းစွာဖြတ်အပ်ကုန်ပြီ။ ထိုပုဂ္ဂိုလ်သည် ငြိတွယ်မှုအားလုံးကို လွန်ကာ နိဗ္ဗာန်ကို အာရုံပြုသော မဂ်သညာဖိုလ်သညာရှိသည်ဖြစ်၍ ယောဂ လေးပါးကို လွန်ပြီးဖြစ်ရကား တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်းသို့ မရောက်တော့ပေ''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

သတ္တမသုတ်။