ဥဒါန်းပါဠိတော်

၈-ဂဏိကာသုတ်

၅၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ရာဇဂြိုဟ်ပြည်၌ အသင်းအဖွဲ့ နှစ်ဖွဲ့တို့သည် ပြည့်တန်ဆာမတစ်ယောက်တည်း၌ အလွန်တပ်မက်ကုန်ကိလေသာဖြင့် ဖွဲ့သော စိတ်ရှိကုန်သည် ဖြစ်သောကြောင့် ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန် ဆန့်ကျင်ဘက်စကားကို ပြောဆိုကုန်လျက် အချင်းချင်း လက်တို့ဖြင့် ရိုက်ပုတ်ကြကုန်၏။ ခဲတို့ဖြင့်လည်း ပေါက်ကြ့ကုန်၏။ တုတ်တို့ဖြင့်လည်း ရိုက်ကြကုန်၏။ ဓားလက်နက်တို့ဖြင့်လည်း ထိုးခုတ်ကြကုန်၏။ ထိုအသင်းအဖွဲ့ နှစ်ဖွဲ့တို့သည် ထိုရိုက်နှက်ပုတ်ခတ်ရာ အရပ်၌ပင် သေခြင်းသို့လည်း ရောက်ကြကုန်၏။ သေလုနီးပါး ဆင်းရဲသို့လည်း ရောက်ကြကုန်၏။

ထိုအခါ များစွာသော ရဟန်းတို့သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်ကုန်၏။ ရာဇဂြိုဟ်ပြည်၌ ဆွမ်းခံလှည့်လည်၍ဆွမ်းခံပြီး နောက် ဆွမ်းခံရွာမှ ဖဲခဲ့ကြသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြကုန်၍တစ်ခုသောအရပ်၌ ထိုင်နေကြပြီးသော် မြတ်စွာဘုရားအား- အသျှင်ဘုရား ယနေ့ ရာဇဂြိုဟ်ပြည်၌ အသင်းအဖွဲ့ နှစ်ဖွဲ့တို့သည် ပြည့်တန်ဆာမ တစ်ယောက်တည်း၌ အလွန်တပ်မက်ကုန်သည် ကိလေသာဖြင့်ဖွဲ့သော စိတ်ရှိကုန်သည် ဖြစ်သောကြောင့် ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန် ဆန့်ကျင်ဘက် စကားကို ပြောဆိုကုန်လျက် အချင်းချင်း လက်တို့ဖြင့်လည်း ရိုက်ပုတ်ကြကုန်၏။ ခဲတို့ဖြင့်လည်း ပေါက်ကြကုန်၏။ တုတ်တို့ဖြင့်လည်း ရိုက်ကြကုန်၏။ ဓားလက်နက်တို့ဖြင့်လည်း ထိုးခုတ်ကြကုန်၏။ ထိုအသင်းအဖွဲ့နှစ်ဖွဲ့တို့သည် ထိုရိုက်နှက်ပုတ်ခတ်ရာအရပ်၌ သေခြင်းသို့လည်း ရောက်ကုန်၏။ သေလုနီးပါးဆင်းရဲသို့လည်းရောက်ကုန်၏ဟု (လျှောက်ကြကုန်၏)။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''ရအပ်ခံစားအပ်သော ကာမဂုဏ်နှင့် ရထိုက်ခံစားထိုက်သော ကာမဂုဏ်ဟူသော နှစ်ပါးစုံသည် ကိလေသာနှိပ်စက်ခံရသူ နောက်နောင်အကျိုး မျှော်ကိုးကျင့်ကြံသူ၏ (သန္တာန်၌) ရာဂစသော မြူတို့ဖြင့်ရောပြွမ်း၏။ အကြင်သူတို့သည် သီလဗ္ဗတ စသောအကျင့်ကို ကိလေသာ စင်ကြယ်၏ဟု ယူဆပြောဆိုကြကုန်၏။ အကြင်သူတို့အား ရှောင်ကြဉ်မှု 'သီလ' ဆင်းရဲငြိုငြင်စွာ ပြုကျင့်မှု 'ဝတ'ဟင်းရွက်စားခြင်း စသည်ဖြင့် အသက်မွေးမှု 'ဇီဝိတ' မေထုန်မှ ရှောင်ကြဉ်မှု 'ဗြဟ္မစရိယ' ဗိဿနိုးနတ်စသည်တို့အား လုပ်ကျွေးမှု 'ဥပဋ္ဌာန' စသည်တို့ဖြင့် သံသရာမှ စင်ကြယ်၏ဟု ယူဆပြောဆိုကြကုန်၏။ ထိုသူတို့၏ သီလဗ္ဗတစသည်တို့၏ အစွမ်းဖြင့် ဖြစ်သော အတ္တကိလမထာနုယောဂဟူသောအကျင့်သည်အယုတ်တရား တစ်ပါးတည်း။ အကြင်သူတို့ကား 'ကာမဂုဏ်တို့၌ အပြစ်မရှိ'ဟု ဆိုကြကုန်၏။ ထိုသူတို့၏ ကာမဂုဏ်တို့၌ အပြစ်မရှိဟု ပြောဆိုကျင့်ကြံမှုဟူသော ကာမသုခလ္လိကာနုယောဂ အကျင့်သည်ဒုတိယမြောက်ဖြစ်သော အယုတ်တရားတည်း။ ဤသို့ ဤအယုတ် တရားနှစ်ပါးတို့သည် ကဋသီမည်သောတဏှာအဝိဇ္ဇာတို့ကို ပွါးစေတတ်ကုန်၏။ ကဋသီမည်သောတဏှာအဝိဇ္ဇာတို့သည် မိစ္ဆာဒိဋ္ဌိကို ပွါးစေတတ်ကုန်၏။ ဤအယုတ်တရားနှစ်ပါးတို့ကို မသိခြင်းကြောင့် အချို့သောသူတို့သည် ဆုတ်နစ်ကုန်၏။ အချို့သောသူတို့သည် လွန်၍ ပြေးကုန်၏။ အကြင်သူတို့အား ထိုအယုတ် တရားနှစ်ပါးတို့ကို သိသောကြောင့် ထိုအယုတ်တရား၌ မကျရောက်ကြကုန်။ ထိုသို့ အယုတ်တရား နှစ်ပါး၌ မကျရောက်ခြင်းကြောင့် တဏှာမာနဒိဋ္ဌိတို့ဖြင့် (မိမိကိုယ်ကို) အထင်မမှားကြကုန်။ ထိုပုဂ္ဂိုလ်တို့အား (လူနတ်စသည်) ပညတ်ရန် ဝဋ် မရှိတော့ပြီ''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

အဋ္ဌမသုတ်။