ဥဒါန်းပါဠိတော်

၉-ဥပါတိဓာဝန္တိသုတ်

၅၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် အလွန်မှောင်မိုက်သော ညဉ့်အခါ ဆီမီးတို့ကို ညှိထွန်းထားရာ လွင်တီးခေါင်၌ ထိုင်နေတော်မူ၏။

ထိုအခါ များစွာသော ပိုးဖလံတို့သည် ထိုဆီမီးတို့၌ တိုးဝင်ရစ်ဝဲကာ ကျရောက်ကုန်လျက် ဆင်းရဲခြင်းသို့ ရောက်ကုန်၏။ ပျက်စီးခြင်းသို့ ရောက်ကုန်၏။ ဆင်းရဲပျက်စီးခြင်းသို့ ရောက်ကုန်၏။ မြတ်စွာ့ဘုရားသည် ထိုဆီမီးတို့၌ တိုးဝင်ရစ်ဝဲကာ ကျရောက်ကုန်လျက် ဆင်းရဲခြင်း ပျက်စီးခြင်း ဆင်းရဲပျက်စီးခြင်းသို့ ရောက်ကုန်သော ထိုပိုးဖလံများစွာတို့ကို မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''အချို့သော သမဏဗြာဟ္မဏတို့သည် သီလ သမာဓိ ပညာစသော အနှစ်သာရသို့ မရောက်ကြဘဲလွန်၍ ပြေးကုန်၏။ တဏှာဒိဋ္ဌိဟူသော အသစ် အသစ်ဖြစ်သော အနှောင်အဖွဲ့ကို ပွါးစေကုန်၏။ မြင်ရသော အရာ ကြားရသော အရာတို့ကို ဤသို့မှန်၏ဟု အမှားနှလုံးသွင်းကုန်လျက် ပိုးဖလံတို့သည် ဆီမီးသို့ ကျကုန်သကဲ့သို့ (ရာဂစသောတစ်ဆယ့်တစ်ပါးသော မီးကျီးတို့ဖြင့် ရဲရဲငြိသော ဘဝသုံးပါးဟူသော မီးကျီးတွင်း၌) ကျရောက်ရကုန်၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

နဝမသုတ်။