ဥဒါန်းပါဠိတော်

၁-ပဌမလကုဏ္ဍကဘန္ဒိယသုတ်

၆၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာသည် အသျှင်လကုဏ္ဍကဘဒ္ဒိယကို (တရားစကားဖြင့်) အကျိုးစီးပွါးကို ကောင်းစွာပြလျက် (တရားကို) ဆောက်တည်စေကာ (အကြောင်းအမျိုးမျိုးဖြင့် တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏။

ထိုအခါ အသျှင်သာရိပုတြာသည် (တရားစကားဖြင့်) အကျိုးစီးပွါးကို ကောင်းစွာပြလျက် (တရားကို) ဆောက်တည်စေကာ (အကြောင်းအမျိုးမျိုးဖြင့် တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူသည်ရှိသော် အသျှင်လကုဏ္ဍကဘဒ္ဒိယ၏စိတ်သည် (တဏှာဒိဋ္ဌိတို့ဖြင့်) တစ်စုံတစ်ခုသော အာရုံကို မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ်မြောက်ပြီ။ အသျှင်သာရိပုတြာသည် (တရားစကားဖြင့်) အကျိုးစီးပွါးကို ကောင်းစွာပြလျက် (တရားကို) ဆောက်တည်စေကာ (အကြောင်းအမျိုးမျိုးဖြင့် တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေအပ်သည်ဖြစ်၍ တဏှာဒိဋ္ဌိတို့ဖြင့် တစ်စုံတစ်ခုသော အာရုံကို မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ်မြောက်သော စိတ်ရှိသော အသျှင်လကုဏ္ဍကဘဒ္ဒိယကို မြတ်စွာဘုရား မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''အကြင်ပုဂ္ဂိုလ်သည် အထက်ရူပ, အရူပဓာတ်၌လည်းကောင်း၊ အောက်ကာမဓာတ်၌လည်းကောင်း၊ သင်္ခါရအားလုံး၌လည်းကောင်း ခပ်သိမ်းသော အခြင်းအရာတို့ဖြင့် လွတ်မြောက်၏။ ထိုပုဂ္ဂိုလ်သည် ဤတရားသည်ပင် ငါဖြစ်၏ဟု မရှုတော့ပြီ။ ဤသို့ သံယောဇဉ်ဆယ်ပါး အကုသိုလ်အားလုံးတို့မှ ဤသို့ လွတ်မြောက်ပြီးသော ရဟန္တာ ပုဂ္ဂိုလ်သည် တစ်ဖန် ဘဝသစ်၌ မဖြစ်ဖို့ရန် ရှေးအခါ ကမကူးမြောက်ခဲ့ဖူးသော သြဃလေးဖြာ သံသရာကို ကူးခဲ့လေပြီ''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

ပဌမသုတ်။