ဥဒါန်းပါဠိတော်

၁ဝ-ဥတေနသုတ်

၇ဝ။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဥတေနမင်းသည် ဥယျာဉ်သို့ ထွက်သွားစဉ်နန်းတော်ကို မီးလောင်၏။ သာမာဝတီအမှူးရှိသော မိန်းမငါးရာတို့ သည်လည်း သေကြကုန်၏။

ထိုအခါ များစွာသော ရဟန်းတို့သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် ကောသမ္ဗီပြည်သို့ ဆွမ်းခံဝင်ကုန်၏။ ကောသမ္ဗီပြည်၌ ဆွမ်းခံလှည့်လည်ပြီး၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲကြကုန်လျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ''အသျှင်ဘုရား ယနေ့ ဥတေနမင်း ဥယျာဉ်သို့ ထွက်သွားစဉ် နန်းတော်ကို မီးလောင်ပါ၏။ သာမာဝတီအမှူးရှိသော မိန်းမငါးရာတို့သည်လည်း သေကြကုန်၏။ အသျှင်ဘုရား ထိုဥပါသိကာမတို့၏ လားရာဂတိကားအဘယ်ပါနည်း? တမလွန်ဘဝကား အဘယ်ပါနည်း''ဟု (လျှောက်ကုန်၏)။

ရဟန်းတို့ ဤဥပါသိကာမအပေါင်းတို့တွင်သောတာပန် ဥပါသိကာမတို့သည် ရှိကုန်၏။ သကဒါဂါမ်ဥပါသိကာမတို့သည် ရှိကုန်၏။ အနာဂါမ် ဥပါသိကာမတို့သည် ရှိကုန်၏။ ရဟန်းတို့ အလုံးစုံသော ဥပါသိကာမတို့သည် အကျိုးမဲ့ မဟုတ်ကုန်မူ၍ သေကြရကုန်၏ဟု (မိန့်တော်မူ၏)။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -''လောကသည် မောဟဖြင့် ဖွဲ့ယှက်ဖုံးလွှမ်းရကား အကြောင်းနှင့် ပြည့်စုံသကဲ့သို့ ထင်ရ၏။ ဥပဓိတို့ဖြင့်အဖွဲ့ခံရသော သူမိုက်သည် အဝိဇ္ဇာဟူသော အမိုက်တိုက်ဖြင့် ခြံရံအပ်ရကား မြဲသကဲ့သို့ ထင်ရ၏။ အနိစ္စစသည်တို့၏ အစွမ်းဖြင့် ရှုသူ မဂ်ပညာဖြင့် မြင်သူအား ရာဂစသောကြောင့်ကြမှုမရှိနိုင်တော့ချေ''ဟု ဤဥဒါန်းကို ကျူး ရင့်တော်မူ၏။

ဒသမသုတ်။

ခုနစ်ခုမြောက် စူဠဝဂ် ပြီး၏။