ဥဒါန်းပါဠိတော်

၃-ပဌမသတ္တသုတ်

၆၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ သာဝတ္ထိပြည် သူ ပြည် သားတို့သည် အများအားဖြင့် ကာမဂုဏ်တို့၌ အလွန့်အလွန် ကပ်ငြိကုန် တပ်စွန်းကုန်မက်မောကုန် ဖွဲ့နှောင်ကုန် မိန်းမောကုန် မျိုထားသကဲ့သို့ တည်ကုန်လျက် ကာမဂုဏ်တို့၌ ပြင်းစွာယစ်ခြင်းသို့ ရောက်ကာ နေကြကုန်၏။

ထိုအခါ များစွာသော ရဟန်းတို့သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်ကုန်၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့ကုန်လျက်မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် တစ်ခုသောအရပ်၌ ထိုင်နေကြကုန်ပြီးသော် မြတ်စွာဘုရားအား''အသျှင်ဘုရား ဤသာဝတ္ထိ ပြည် သူပြည် သားတို့သည် အများအားဖြင့် ကာမဂုဏ်တို့၌ အလွန့်အလွန်ကပ်ငြိကုန် တပ်စွန်းကုန် မက်မောကုန် ဖွဲ့နှောင်ကုန် မိန်းမောကုန် မျိုထားသကဲ့သို့ တည်ကုန်လျက်ကာမဂုဏ်တို့၌ ပြင်းစွာ ယစ်ခြင်းသို့ ရောက်ကာ နေကြပါကုန်၏''ဟု (လျှောက်ကုန်၏)။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''ကာမဂုဏ်တို့၌ ကပ်ငြိကုန်သော ကာမဂုဏ်တို့၌ ငြိတွယ်ခြင်းတို့ဖြင့် ငြိတွယ်ကုန်သော သံယောဇဉ်တို့၌ အပြစ်ကို မမြင်ကုန်သော သံယောဇဉ် ငြိတွယ်ခြင်းဖြင့် ငြိတွယ်ကုန်သော သတ္တဝါတို့သည် ပြန့်ပြောကြီးကျယ်လှစွာသော သြဃကို မကူးနိုင်ကုန်ရာ''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

တတိယသုတ်။