ဥဒါန်းပါဠိတော်

၅-အပရလကုဏ္ဍကဘဒ္ဒိယသုတ်

၆၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်လကုဏ္ဍကဘဒ္ဒိယသည် များစွာသော ရဟန်းတို့၏ နောက်မှ နောက်မှ လိုက်၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၏။

မြတ်စွာဘုရားသည် များစွာသော ရဟန်းတို့၏ နောက်မှ နောက်မှ လိုက်လာသော မကောင်းသော အဆင်းရှိသော မကောင်းသော အမြင်ရှိသော ပုသော အများအားဖြင့် ပုထုဇဉ်ရဟန်းတို့ ရှုတ်ချခံရသော သဘောရှိသော အသျှင်လကုဏ္ဍကဘဒ္ဒိယကို အဝေးကပင် မြင်တော်မူ၍ ရဟန်းတို့ကို မိန့်တော်မူ၏-

ရဟန်းတို့ သင်တို့သည် များစွာသော ရဟန်းတို့၏ နောက်မှ နောက်မှ လိုက်လာသော မကောင်းသော အဆင်းရှိသော မကောင်းသော အမြင်ရှိသော ပုသော အများအားဖြင့် ပုထုဇဉ်ရဟန်းတို့ ရှုတ်ချအပ်သော သဘောရှိသော ထိုရဟန်းကို အဝေးကပင် မြင်ကြကုန်၏လောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားမြင်ပါကုန်၏ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ဤရဟန်းသည် ကြီးသောတန်ခိုးအာနုဘော် ရှိ၏။ ထိုရဟန်း မဝင်စားဖူးသေးသော သမာပတ်ဟူ၍ မရှိသလောက်ပင် ဖြစ်၏။ ထိုရဟန်းသည် ကောင်းစွာသာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြကုန်သော အမျိုးသားများ လိုလားအပ်သော အတုမရှိ မြတ်သောအကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ကပ်ရောက်၍ နေ၏ဟု (မိန့်တော်မူ၏)။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''အရဟတ္တဖိုလ် သီလတည်းဟူသော အပြစ်အနာကင်းသော လှည်းဘီးရှိသော ဝိမုတ္တိတည်းဟူသော ဖြူသော အဆင်းလည်းရှိသော သတိတည်းဟူသော အကန့်လည်းရှိသော လကုဏ္ဍကဘဒ္ဒိယမထေရ်၏အတ္တဘောတည်းဟူသော ရထားသည် လှည့်လည် သွားလာ၏။ ရဟန်းတို့၏ နောက်မှလာသော ဆင်းရဲမရှိသောတဏှာ အလျဉ်ကင်းပြတ်သော (ကိလေသာ) အဖွဲ့မရှိသော ဤ (လကုဏ္ဍကဘဒ္ဒိယမထေရ်၏ အတ္တဘောဟူသော) ရထားကို ကြည့်ရှုလော့''ဟု ဤဥဒါန်းကို ့ကျူးရင့်တော်မူ၏။

ပဉ္စမသုတ်။