ဥဒါန်းပါဠိတော်

၇-ပပဉ္စခယသုတ်

၆၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် မိမိ၏ ပယ်ခဲ့ပြီးသော သံသရာကို ချဲ့တတ်သည့် ကိလေသာတို့နှင့်တကွသော သညာအစုကို ဆင်ခြင်လျက် နေတော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် မိမိ၏ ပယ်ခဲ့ပြီးသော သံသရာကို ချဲ့တတ်သည့် ကိလေသာတို့နှင့်တကွသော သညာအစုကို သိတော်မူ၍ ထိုသိသောအချိန်၌ -''အကြင်မြတ်စွာဘုရားအား သံသရာကို ချဲ့တတ်သော ကိလေသာ၏ တည်ခြင်းသည် မရှိ၊ ထိုမြတ်စွာဘုရားအား တဏှာဒိဋ္ဌိတည်းဟူသော ကြိုးကိုလည်းကောင်း၊ အဝိဇ္ဇာတည်းဟူသောတံခါးကျည်ကိုလည်းကောင်း လွန်မြောက်ပြီ။ တဏှာကင်းသည်ဖြစ်၍ ကြွသွားတော်မူသော ထိုမြတ်စွာဘုရားကို နတ်နှင့်တကွသော လူအပေါင်းသည် မရှုတ်ချ မကဲ့ရဲ့''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

သတ္တမသုတ်။