ဥဒါန်းပါဠိတော်

၉-ဥဒပါနသုတ်

၆၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ မလ္လတိုင်း၌ ဒေသစာရီ လှည့်လည်တော်မူလတ်သော် မလ္လမင်းတို့၏ ထူဏမည်သော ပုဏ္ဏားရွာသို့ ဆိုက်ရောက်၏။ ထူဏရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် ''အချင်းတို့ သာကီဝင်မင်းသားဖြစ်သော သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော ရဟန်းဂေါတမသည် များစွာသော ရဟန်းသံဃာနှင့်အတူ မလ္လတိုင်း၌ ဒေသစာရီလှည့်လည်ခဲ့ရာ ထူဏပုဏ္ဏားရွာသို့ ဆိုက်ရောက်၏''ဟု ကြားကြကုန်၏။ ထိုအခါ ထူဏရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် ''ဦးပြည် းရဟန်းယုတ်တို့သည် သောက်ရေကို မသောက်ကြရစေကုန်လင့်''ဟု (နှလုံးပိုက်ကာ) ရေတွင်းကို မြက်ဖြင့်လည်းကောင်း၊ ဖွဲဖြင့်လည်းကောင်းရေတွင်းနှုတ်ခမ်းဝတိုင်အောင် ဖို့ကြကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် လမ်းခရီးမှ ဖဲ၍ သစ်ပင်ရင်းသို့ ချဉ်းကပ်လျက် ခင်းထားအပ်သောနေရာ၌ ထိုင်တော်မူပြီးသော် အသျှင်အာနန္ဒာအား ''အာနန္ဒာ ငါခိုင်းလို၏။ သင်သည် ငါဘုရားသောက်ရန်ထိုရေတွင်းမှသောက်ရေကို ဆောင်ခဲ့လော့''ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်ဆိုလတ်သော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားကို ''အသျှင်ဘုရား ယခုအခါ ဦးပြည် းရဟန်းယုတ်တို့သည် သောက်ရေကို မသောက်ကြစေကုန်လင့်''ဟု နှလုံးပိုက်ကာ ရေတွင်းကို ထူဏရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် မြက်ဖြင့်လည်းကောင်း၊ ဖွဲဖြင့်လည်းကောင်း ရေတွင်းနှုတ်ခမ်းဝတိုင်အောင် ဖို့ထားကြပါကုန်သည်''ဟု (လျှောက်၏)။

နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားသည် ''အာနန္ဒာ ငါခိုင်းလို၏။ သင်သည် ငါဘုရားသောက်ရန် ထိုရေတွင်းမှသောက်ရေကို ဆောင်ခဲ့လော့''ဟု (မိန့်တော်မူ၏)။

''အသျှင်ဘုရား ကောင်းပါပြီ''ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ (စကားကို) ဝန်ခံ၍ သပိတ်ကို ယူလျက် ထိုရေတွင်းသို့ ချဉ်းကပ်၏။ ထိုအခါ အသျှင်အာနန္ဒာ ချဉ်းကပ်လတ်သော်ထိုရေတွင်းသည် ထိုအလုံးစုံသော မြက်ကိုလည်းကောင်း၊ ဖွဲကိုလည်းကောင်း ရေတွင်းနှုတ်ခမ်းဝမှအန်ထုတ်၍ ကြည်လင်သော မနောက်ကျုသော အထူးကြည်လင်သော ရေဖြင့်တွင်းနှုတ်ခမ်းဝတိုင်အောင် ပြည့်လျက် စီးထွက်သကဲ့သို့ တည်၏။

ထိုအခါ အသျှင်အာနန္ဒာအား ဤအကြံသည် ဖြစ်၏ ''အချင်းတို့ မြတ်စွာဘုရား၏ တန်ခိုးအာနုဘော်ကြီးသည်၏အဖြစ်သည်အံ့သြဖွယ်ရှိပေစွ၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ ငါချဉ်းကပ်မိသောအခါ ဤရေတွင်းသည်အလုံးစုံသော မြက်ကိုလည်းကောင်း၊ ဖွဲကိုလည်းကောင်းတွင်းနှုတ်ခမ်းဝမှ အန်ထုတ်၍ ကြည်လင်သော မနောက်ကျုသော အထူးကြည်လင်သော ရေဖြင့် ရေတွင်းနှုတ်ခမ်းဝတိုင်အောင် စီးထွက်သကဲ့သို့ ့တည်၏''ဟု (အကြံဖြစ်၏။) အသျှင်အာနန္ဒာသည် ဤသို့ ကြံပြီးလျှင် သပိတ်ဖြင့်သောက်ရေကို ယူဆောင်လျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ''အသျှင်ဘုရား မြတ်စွာဘုရား၏တန်ခိုးအာနုဘော် ကြီးသည်၏အဖြစ်သည်အံ့သြဖွယ်ရှိပါပေစွ၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရားတပည့်တော် ချဉ်းကပ် မိသောအခါ ထိုရေတွင်းသည် အလုံးစုံသော မြက်ကိုလည်းကောင်း၊ ဖွဲကိုလည်းကောင်းတွင်းနှုတ်ခမ်းဝမှ အန်ထုတ်၍ ကြည်လင်သော မနောက်ကျုသော အထူးကြည်လင်သော ရေဖြင့်တွင်းနှုတ်ခမ်းဝတိုင်အောင် ပြည့်လျက် စီးထွက်သကဲ့သို့ တည်ပါ၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရေကို သောက်တော်မူပါ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ရေကို သောက်တော်မူပါ''ဟု (လျှောက်၏)။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -''ရေတို့သည် အခါ ခပ်သိမ်း အရပ်အားလုံးတို့၌ အကယ်၍ ဖြစ်ပေါ်နေကြကုန်မူ ရေတွင်းဖြင့်အသို့ ပြုရအံ့နည်း? အလိုရှိသည်ကို မရခြင်းကြောင့် ဖြစ်သော ဆင်းရဲ၏ အကြောင်းဖြစ်သောတဏှာ၏အမြစ်ကို ဖြတ်၍ တည်သော ငါကဲ့သို့ သော ဘုရားသျှင်သည် အဘယ့်ကြောင့် ရှာမှီးရန်လှည့်လည်ရအံ့နည်း''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

နဝမသုတ်။