ဥဒါန်းပါဠိတော်

၁-ပဌမနိဗ္ဗာနပဋိသံယုတ္တသုတ်

၇၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို နိဗ္ဗာန်နှင့်စပ်သောတရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏။ ထိုရဟန်းတို့သည် အရိုအသေပြု၍ နှလုံးသွင်းလျက် အလုံးစုံသော စိတ်ဖြင့် ကောင်းစွာ ဆောင်ပြီးလျှင် နားစိုက်ကာ တရားကို နာကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''ရဟန်းတို့ အကြင်နိဗ္ဗာန်အရပ်၌ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် မရှိ၊ အာကာသာနဉ္စာယတနဈာန် ဝိညာဏဉ္စာယတနဈာန် အာကိဉ္စညာ ယတနဈာန်နေဝသညာနာသညာယတနဈာန်လည်း မရှိ၊ ပစ္စုပ္ပန်လောက တမလွန် လောကလည်း မရှိ၊ နှစ်ပါးစုံသော လနေတို့သည်လည်း မရှိကုန်။ ထိုနိဗ္ဗာန်သည် ရှိသည်သာတည်း။ ရဟန်းတို့ ထိုနိဗ္ဗာန်၌လည်းတစ်စုံတစ်ခုသော ဘဝမှလာခြင်းကို ငါမဟော၊ တစ်စုံတစ်ခုသော ဘဝသို့ သွားခြင်းကိုလည်း ငါမဟော၊ တစ်စုံ တစ်ခုသောအရပ်၌ တည်ခြင်းကိုလည်း ငါမဟော၊ ရွေ့လျောစုတေခြင်းကိုလည်း ငါ မဟော၊ ပဋိသန္ဓေအားဖြင့် ဖြစ်ခြင်းကိုလည်း ငါမဟော၊ ထိုနိဗ္ဗာန်သည် တည်ရာ မရှိ ဖြစ်ခြင်းမရှိအာရုံပြုမှုမရှိသည်သာတည်း။ ဤသဘောသည်သာ ဆင်းရဲ၏ အဆုံးတည်း''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

ပဌမသုတ်။