ဥဒါန်းပါဠိတော်

၂-ဒုတိယနိဗ္ဗာနပဋိသံယုတ္တသုတ်

၇၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို နိဗ္ဗာန်နှင့်စပ်သောတရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏။ ထိုရဟန်းတို့သည် အရိုအသေပြု၍ နှလုံးသွင်းလျက် အလုံးစုံသော စိတ်ဖြင့် ကောင်းစွာ ဆောင်ပြီးလျှင် နားစိုက်ကာ တရားကို နာကြကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -''တဏှာကင်းရာ နိဗ္ဗာန်မည်သည်ကား မြင်နိုင်ခဲသောတရားတည်း။မှန်၏- နိဗ္ဗာန်သည် မြင်ခြင်းငှါလွယ်ကူသောတရားမဟုတ်၊ နိရောဓသစ္စာကို အာရုံပြုသောအားဖြင့် ဒုက္ခသစ္စာကို ပိုင်းခြား၍သိသောအားဖြင့် မဂ္ဂသစ္စာကို ပွါးသောအားဖြင့် ထိုးထွင်း၍ သိသကဲ့သို့ တဏှာဟူသော သမုဒယသစ္စာကိုလည်း ပယ်သောအားဖြင့် ထိုးထွင်း၍ သိအပ်၏။ ဤသို့ သစ္စာလေးပါးကို မဂ်ပညာဖြင့်သိသူ မြင်သူအားကြောင့်ကြမှု မရှိနိုင်တော့ပြီ''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

ဒုတိယသုတ်။