ဥဒါန်းပါဠိတော်

၆-ပါဋလိဂါမိယသုတ်

၇၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ မဂဓတိုင်း၌ ဒေသစာရီလှည့်လည်လတ်သော်ပါဋလိရွာသို့ ရောက်တော်မူ၏။ ထိုအခါ ''မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ မဂဓတိုင်း၌ ဒေသစာရီလှည့်လည်တော်မူရာပါဋလိရွာသို့ ရောက်တော်မူသတတ်''ဟုပါဋလိရွာသား ဥပါသကာတို့ ကြားကုန်၏။ ထိုအခါပါဋလိရွာသား ဥပါသကာတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောအရပ်၌ ထိုင်နေကုန်ပြီးသော် ''အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်တို့၏ ဧည့်သည်တို့တည်းခိုရာဇရပ်ကို လက်ခံတော်မူပါ''ဟု မြတ်စွာဘုရားအား လျှောက်ကုန်၏။ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေတော်မူသဖြင့် လက်ခံတော်မူ၏။

ထိုအခါပါဋလိရွာသား ဥပါသကာတို့သည် မြတ်စွာဘုရား လက်ခံတော်မူသည်ကို သိသဖြင့် နေရာမှထကာ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုပြီးလျှင် ဧည့်သည်တို့တည်းခိုရာဇရပ်သို့ ချဉ်းကပ်ကုန်၍ ဧည့်သည်တို့တည်းခိုရာဇရပ်၌ ခင်းနှီးအပြည့်ခင်းခြင်း ထိုင်နေစရာတို့ကို ပြင်ထားခြင်း ရေပြည့်အိုးကြီးတို့ကို တည်ထားခြင်း ဆီမီးထွန်းခြင်းတို့ကို ပြုပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြန်ကုန်၏။ ချဉ်းကပ်ပြီး၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောနေရာ၌ ရပ်တည်ကုန်ပြီးသော် ''အသျှင်ဘုရားဧည့်သည်တို့တည်းခိုရာဇရပ်၌ ခင်းနှီးအပြည့် ခင်းပြီးပါပြီ။ ထိုင်နေစရာတို့ကိုလည်း ပြင်ထားပြီးပါပြီ။ ရေပြည့်အိုးကြီးကိုလည်း တည်ထားပြီးပါပြီ။ ဆီမီးကိုလည်း ညှိထွန်းထားပြီးပါပြီ။ အသျှင်ဘုရား ယခုအခါ ကြွတော်မူရန် အချိန်ကို မြတ်စွာဘုရား သိတော်မူပါသည်၊ (ကြွရန်မှာ မြတ်စွာဘုရား၏အလိုတော်အတိုင်း ပင် ဖြစ်ပါသည်)''ဟု မြတ်စွာဘုရားအား လျှောက်ကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူဆောင်လျက်ရဟန်းသံဃာနှင့်အတူ ဧည့်သည်တို့တည်းခိုရာဇရပ်သို့ ချဉ်းကပ်တော်မူပြီးလျှင် ခြေဆေးတော်မူ၍ဧည့်သည်တို့တည်း ခိုရာဇရပ်သို့ ဝင်ပြီးသော် အလယ်တိုင်ကိုမှီလျက် အရှေ့အရပ်သို့ မျက်နှာမူကာထိုင်နေတော်မူ၏။ ရဟန်းသံဃာသည်လည်း ခြေဆေး၍ ဧည့်သည်တို့တည်းခိုရာဇရပ်သို့ ဝင်ပြီးသော်အနောက်ဘက်နံရံကိုမှီလျက် အရှေ့အရပ်သို့ မျက်နှာမူကာ မြတ်စွာဘုရားကိုသာလျှင် ရှေ့ထား၍ ထိုင်နေ၏။ပါဋလိရွာသား ဥပါသကာတို့သည်လည်း ခြေဆေးကုန်၍ ဧည့်သည်တို့တည်းခိုရာ ဇရပ်သို့ ဝင်ကုန်ပြီးသော် အရှေ့ဘက်နံရံကိုမှီလျက် အနောက်အရပ်သို့ မျက်နှာမူကာ မြတ်စွာဘုရားကိုသာလျှင် ရှေ့ထား၍ ထိုင်နေကုန်၏။ ထိုအခါ မြတ်စွာဘုရားသည်ပါဋလိရွာသား ဥပါသကာတို့ကို မိန့်တော်မူ၏-

ဥပါသကာတို့ သီလမရှိသူ၏ သီလပျက်ခြင်း၌ အပြစ်တို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်းဟူမူ- ဥပါသကာတို့ ဤလောက၌ သီလမရှိသော သီလပျက်သောသူသည် မေ့လျော့ခြင်းကြောင့် များစွာသော စည်းစိမ် ဆုံးရှုံးခြင်းသို့ ရောက်၏။ ဤသည်ကား သီလမရှိသောသူ၏ သီလပျက်ခြင်း၌ ပဌမဖြစ်သော အပြစ်တည်း။

ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလမရှိသော သီလပျက်သောသူ၏ မကောင်းသော ကျော်စောသတင်းသည် ပျံ့နှံ့၍ ထွက်၏။ ဤသည်ကား သီလမရှိသူ၏ သီလပျက်ခြင်း၌ ဒုတိယဖြစ်သော အပြစ်တည်း။

ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလမရှိသော သီလပျက်သောသူသည် မင်းပရိသတ်ပုဏ္ဏားပရိသတ် သူကြွယ်ပရိသတ် ရဟန်းပရိသတ် အလယ်သို့ ချဉ်းကပ်ခဲ့သော်ကြောက်ကြောက်ရွံ့ရွံ့ မျက်နှာညှိုးငယ်လျက် ချဉ်းကပ်ရ၏။ ဤကား သီလမရှိသူ၏ သီလပျက်ခြင်း၌ တတိယဖြစ်သော အပြစ်တည်း။

ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလမရှိသော သီလပျက်သောသူသည် တွေတွေဝေဝေ ဖြစ်လျက်သေရ၏။ ဤကား သီလမရှိသူ၏ သီလပျက်ခြင်း၌ စတုတ္ထဖြစ်သော အပြစ်တည်း။

ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလမရှိသော သီလပျက်သောသူသည် ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲ၌ ဖြစ်ရ၏။ ဤကား သီလမရှိသူ၏ သီလပျက်ခြင်း၌ ပဉ္စမဖြစ်သော အပြစ်တည်း။ ဥပါသကာတို့သီလမရှိသူ၏ သီလပျက်ခြင်း၌ အပြစ်တို့သည် ဤငါပါးတို့ပေတည်း။

ဥပါသကာတို့ သီလရှိသူ၏ သီလပြည့်စုံခြင်း၌ အကျိုးအာနိသင်တို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်းဟူမူ-ဥပါသကာတို့ ဤလောက၌ သီလရှိသော သီလနှင့် ပြည့်စုံသောသူသည် မမေ့ မလျော့ခြင်းကြောင့် များစွာသော စည်းစိမ်အစုကိုရ၏။ ဤသည်ကား သီလရှိသူ၏သီလပြည့်စုံခြင်း၌ ပဌမဖြစ်သော အကျိုးအာနိသင်တည်း။

ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလရှိသော သီလနှင့် ပြည့်စုံသောသူ၏ ကောင်းသော ကျော်စောသတင်းသည် ပျံ့နှံ့၍ ထွက်၏။ ဤသည်ကား သီလရှိသူ၏ သီလပြည့်စုံခြင်း၌ ဒုတိယဖြစ်သော အကျိုးအာနိသင်တည်း။

ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလရှိသော သီလနှင့် ပြည့်စုံသောသူသည် မင်းပရိသတ်ပုဏ္ဏားပရိသတ် သူကြွယ်ပရိသတ် ရဟန်းပရိသတ် အလယ်သို့ ချဉ်းကပ်ခဲ့သော် မကြောက်မရွံ့ မျက်နှာမညှိုးငယ်ဘဲ ချဉ်းကပ်ရ၏။ ဤကား သီလရှိသူ၏ သီလပြည့်စုံခြင်း၌ တတိယဖြစ်သော အကျိုးအာနိသင်တည်း။

ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလရှိသော သီလနှင့် ပြည့်စုံသောသူသည် တွေဝေခြင်းမရှိဘဲသေရ၏။ ဤကား သီလရှိသူ၏ သီလနှင့် ပြည့်စုံခြင်း၌ စတုတ္ထဖြစ်သော အကျိုးအာနိသင်တည်း။

ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလရှိသော သီလနှင့် ပြည့်စုံသောသူသည် ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်၌ ဖြစ်ရ၏။ ဤကား သီလရှိသူ၏ သီလနှင့်ပြည့်စုံခြင်း၌ ပဉ္စမဖြစ်သော အကျိုးအာနိသင်တည်း။ ဥပါသကာတို့ သီလရှိသူ၏ သီလနှင့် ပြည့်စုံခြင်း၌ အကျိုးအာနိသင်တို့သည် ဤငါပါးတို့ပေတည်းဟု (မိန့်တော်မူ၏)။

ထိုအခါ မြတ်စွာဘုရားသည်ပါဋလိရွာသား ဥပါသကာတို့ကို ကြာမြင့်စွာ ညဉ့်အချိန်ပတ်လုံး (ညဉ့်နက်သည်တိုင်အောင်) တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် (တရားကို) ဆောက်တည် စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူပြီးလျှင် ''ဥပါသကာတို့ ညဉ့်ဦးယံလွန်လေပြီ။ ယခုအခါ သွားရန် အချိန်ကို သင်တို့ သိကုန်၏။ (သွားရန်မှာ သင်တို့၏ အလိုအတိုင်းပင်ဖြစ်၏)''ဟု ပြန်လွှတ်တော်မူ၏။ ''အသျှင်ဘုရား ကောင်းပါပြီ''ဟုပါဋလိရွာသား ဥပါသကာတို့သည် မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုလျက် ပြန်သွားကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည်ပါဋလိရွာသား ဥပါသကာတို့ ပြန်သွား၍ မကြာမြင့်မီ ဆိတ်ငြိမ်ရာသို့ ့ဝင်တော်မူ၏။

ထိုစဉ်အခါ၌ မဂဓတိုင်း အမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရပုဏ္ဏားတို့သည် ဝဇ္ဇီမင်းတို့ကို တားဆီးပိတ်ဆို့ခြင်းငှါပါဋလိရွာ၌ မြို့ တည်ထောင်နေကြကုန်၏။ ထိုအခါ၌ များစွာသော နတ်တို့သည်လည်း တစ်ထောင်စီ တစ်ထောင်စီ စုရုံး၍သာလျှင်ပါဋလိရွာ၌ အိမ်ရာတို့ကို သိမ်းပိုက်လျက် နေကြကုန်၏။ တန်ခိုးကြီးသော နတ်တို့ အိမ်ရာသိမ်းပိုက်သော ရပ်ကွက်၌ တန်ခိုးကြီးသော မင်းနှင့် အမတ်ကြီးတို့ အိမ်ရာတည်ဆောက်ရန် စိတ်ညွတ်ကြကုန်၏။ တန်ခိုးအလတ်စားနတ်တို့ အိမ်ရာသိမ်းပိုက်သော ရပ်ကွက်၌ တန်ခိုးအလတ်စားမင်းနှင့် အမတ်ကြီးတို့ အိမ်ရာတည်ဆောက်ရန် စိတ်ညွတ်ကြကုန်၏။ တန်ခိုး နည်းသော နတ်တို့ အိမ်ရာသိမ်းပိုက်သော ရပ်ကွက်၌ တန်ခိုးနည်းသော မင်းနှင့်အမတ်ကြီးတို့အိမ်ရာ တည်ဆောက်ရန် စိတ်ညွတ်ကြကုန်၏။

မြတ်စွာဘုရားသည် တစ်ထောင်စီ တစ်ထောင်စီ စုရုံး၍သာလျှင်ပါဋလိရွာ၌ အိမ်ရာတို့ကို သိမ်းပိုက်နေကြသော ထိုနတ်တို့ကို အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏ မျက်စိနှင့် တူသော 'ဒိဗ္ဗစက္ခု' ဉာဏ်ဖြင့် မြင်တော်မူ၏။ပ။ ထိုအခါ မြတ်စွာဘုရားသည် ညဉ့်၏အဆုံး (မိုးသောက်ယံ၌) လျောင်းစက်ရာမှ ထတော်မူ၍ အာနန္ဒာပါဋလိရွာ၌ မြို့ ကို အဘယ်သူတို့သည် တည်ဆောက်နေကြသနည်းဟု အသျှင်အာနန္ဒာကို မေးတော်မူ၏။

အသျှင်ဘုရား မဂဓတိုင်း အမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရပုဏ္ဏားတို့သည် ဝဇ္ဇီမင်းတို့ကို တားဆီးပိတ်ဆို့ရန်ပါဋလိရွာ၌ မြို့ တည်ထောင်နေကြပါကုန်၏ဟု လျှောက်၏။ အာနန္ဒာ မဂဓတိုင်းအမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရပုဏ္ဏားတို့သည် ဝဇ္ဇီမင်းတို့ကို တားဆီးပိတ်ဆို့ရန်ပါဋလိရွာ၌ မြို့ တည်ထောင် နေကြသည်မှာ တာဝတိံသာနတ်တို့နှင့် တိုင်ပင်၍ တည်ထောင်သကဲ့သို့ ပင်ရှိချေ၏။ အာနန္ဒာ တစ်ထောင်စီ တစ်ထောင်စီ စုရုံး၍သာလျှင်ပါဋလိရွာ၌ အိမ်ရာတို့ကို သိမ်းပိုက်နေကြသော များစွာသော နတ်တို့ကို ငါသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏မျက်စိထက် သာလွန်သော နတ်တို့၏ မျက်စိနှင့်တူသော 'ဒိဗ္ဗစက္ခု' ဉာဏ်ဖြင့် မြင်တော်မူ၏။ အာနန္ဒာတန်ခိုးကြီးသော နတ်တို့ အိမ်ရာ သိမ်းပိုက်သော ရပ်ကွက်၌ တန်ခိုးကြီးသော မင်းနှင့် အမတ်ကြီးတို့အိမ်ရာတည်ဆောက်ရန် စိတ်ညွတ်ကြကုန်၏။ တန်ခိုးအလတ်စားနတ်တို့ အိမ်ရာသိမ်းပိုက်သော ရပ်ကွက်၌ တန်ခိုးအလတ်စားမင်းနှင့် အမတ် ကြီးတို့ အိမ်ရာတည်ဆောက်ရန် စိတ်ညွတ်ကြကုန်၏။ တန်ခိုးနည်းသော နတ်တို့ အိမ်ရာသိမ်းပိုက်သော ရပ်ကွက်၌ တန်ခိုးနည်းသော မင်းနှင့် အမတ်ကြီးတို့အိမ်ရာတည်ဆောက်ရန် စိတ်ညွတ်ကြကုန်၏။ အာနန္ဒာ အရိယာလူမျိုးတို့၏ စုဝေးနေထိုင်ရာကူးသန်းရောင်းဝယ်ရာ မြို့ တို့တွင် ဤမြို့ သစ်သည်ကုန်ထုတ်များကို ဖွင်းလှစ်ရောင်းချရာပါဋလိပုတ်မည်သော အကြီးဆုံးမြို့ ဖြစ်ရစ်ပေလတ္တံ့။ အာနန္ဒာပါဋလိပုတ်မြို့၌ မီးကြောင့်လည်းကောင်း၊ ရေကြောင့်လည်းကောင်း၊ အချင်းချင်း ကွဲပြားမှုကြောင့်လည်းကောင်း ဤသုံးပါးသော အန္တရာယ်တို့သည် ဖြစ်ကုန်လတ္တံ့ဟု မိန့်တော်မူ၏။

ထိုအခါ မဂဓတိုင်း အမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရပုဏ္ဏားတို့သည် မြတ်စွာဘုရား ထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုကုန်၏။ ဝမ်းမြောက်ဖွယ်အမှတ်ရဖွယ် စကားကို ပြီးဆုံးစေပြီး၍ တစ်ခုသောအရပ်၌ ထိုင်နေကြပြီးသော် ''အသျှင်ဂေါတမသည်ယနေ့အဖို့ ရဟန်းသံဃာနှင့်အတူ အကျွန်ုပ်တို့၏ ဆွမ်းကို လက်ခံတော်မူပါ''ဟု မြတ်စွာဘုရားအားလျှောက်ကုန်၏။ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏။

ထိုအခါ မဂဓတိုင်း အမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရပုဏ္ဏားတို့သည် မြတ်စွာဘုရားလက်ခံတော်မူသည်ကို သိ၍ မိမိတို့ (တည်းခို) အိမ်သို့ ချဉ်းကပ်ကုန်လျက် မိမိတို့ (တည်းခို) အိမ်၌ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ကို စီမံစေပြီးလျှင် ''အသျှင်ဂေါတမ အချိန်တန်ပါပြီ။ ဆွမ်းပြင်ပြီးပါပြီ''ဟု မြတ်စွာဘုရားအား အချိန်တန်ကြောင်းကို လျှောက်ကြားစေကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် ရဟန်းသံဃာနှင့်အတူ မဂဓတိုင်း အမတ်ကြီးများဖြစ်သော သုနိဓနှင့်ဝဿကာရပုဏ္ဏားတို့၏ (တည်းခို) အိမ်သို့ ချဉ်းကပ်၍ ခင်းထားအပ်သောနေရာ၌ ထိုင်တော်မူ၏။

ထို့နောက် မဂဓတိုင်း အမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရပုဏ္ဏားတို့သည် ဘုရားအမှူးရှိသော ရဟန်းသံဃာကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် မိမိတို့ကိုယ်တိုင်လုပ်ကျွေးကုန်၏။

ထို့နောက် မဂဓတိုင်း အမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရပုဏ္ဏားတို့သည် မြတ်စွာဘုရားဆွမ်းစားပြီး၍ သပိတ်မှ လက်ကို ဖယ်ပြီးသောအခါ နိမ့်သော ထိုင်စရာတစ်ခုကို ယူ၍ တစ်ခုသောနေရာ၌ ထိုင်ကုန်၏။ တစ်ခုသောနေရာ၌ ထိုင်ပြီးသော မဂဓတိုင်း အမတ်ကြီးများဖြစ်သော သုနိဓနှင့်ဝဿကာရပုဏ္ဏားတို့ကို မြတ်စွာဘုရားသည် ဤဂါထာတို့ဖြင့် အနုမောဒနာပြုတော်မူ၏-

''ပုဏ္ဏားတို့ ပညာရှိသည် အကြင်အရပ်၌ အိမ်ရာဆောက်လုပ်နေထိုင်၏။ ဤအရပ်၌ သီလရှိသော ကိုယ် နှုတ် နှလုံးစောင့်သုံးသော မြတ်သောအကျင့်ကို ကျင့်သော ပုဂ္ဂိုလ်တို့ကို ဆွမ်းကျွေးပြီးလျှင်ထိုအရပ်၌ ရှိသော နတ်တို့အား အလှူ၏ အဖို့ကို အမျှပေးဝေရာ၏။ ဤသို့ အမျှပေးဝေလတ်သော်နတ်တို့သည် ပူဇော်ခံရသဖြင့် ထို (အမျှပေးဝေ) သူကို အတုံ့ပြန်၍ ပူဇော်ကုန်၏။ မြတ်နိုးခံရသဖြင့်လည်းအတုံ့ပြန်၍ မြတ်နိုးကုန်၏။ ထို့ကြောင့် မိခင်သည် ရင်ဝယ်သားကို စောင့်ရှောက်သကဲ့သို့ နတ်တို့သည် ထို (အမျှ ပေးဝေ) သူကို စောင့်ရှောက်ကုန်၏။ နတ်တို့ စောင့်ရှောက်ခံရသောသူသည် အခါ ခပ်သိမ်းကောင်းခြင်း မင်္ဂလာတို့ကိုသာ တွေ့မြင်ရလေ၏''ဟု အနုမောဒနာပြုတော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် မဂဓတိုင်း အမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရပုဏ္ဏားတို့အားဤဂါထာတို့ဖြင့် အနုမောဒနာပြု၍ နေရာမှ ထကာ ဖဲကြွတော်မူ၏။

ထိုအခါ မဂဓတိုင်း အမတ်ကြီးများဖြစ်သော သုနိဓနှင့် ဝဿကာရပုဏ္ဏားတို့သည် ''ယနေ့ ရဟန်းဂေါတမ ထွက်သွားရာ တံခါးကို ဂေါတမတံခါးဟုတွင်စေလတ္တံ့။ အသျှင်ဂေါတမကူးရာ ဂင်္ဂါမြစ်ဆိပ်ကို ဂေါတမရေဆိပ်ဟုတွင်စေလတ္တံ့''ဟု မြတ်စွာဘုရား၏ နောက်မှ နောက်မှ အစဉ်လိုက်ကုန်၏။

ထိုအခါ မြတ်စွာဘုရား ထွက်သွားရာ ထိုတံခါးသည် ဂေါတမတံခါးဟု အမည်တွင်လေ၏။ ထို့နောက်မြတ်စွာဘုရားသည် ဂင်္ဂါမြစ်သို့ ချဉ်းကပ်တော်မူ၏။ ထိုစဉ်အခါ၌ ဂင်္ဂါမြစ်သည် (ကမ်းမှာနား၍) ကျီးသောက်နိုင်လောက်အောင် ကမ်းနှင့်အညီ ရေပြည့်လျက် ရှိ၏။ ကမ်းတစ်ဖက်မှ ကမ်းတစ်ဖက်သို့ ကူးရောက်လိုသောအချို့သူတို့သည် လှေကို ရှာကုန်၏။ အချို့သူတို့သည် သစ်ဖောင်ကို ရှာကုန်၏။ အချို့သူတို့သည် ဝါးဖောင်ကို ဖွဲ့ကုန်၏။ ထိုအခါအားရှိသော ယောကျာ်းသည် ကွေးသော လက်မောင်းကို ဆန့်တန်းသကဲ့သို့ ဆန့်တန်းသော လက်မောင်းကို ကွေးသကဲ့သို့ ဤအတူပင် မြတ်စွာဘုရားသည် ဂင်္ဂါမြစ်၏ ဤမှာဘက်ကမ်းမှ ကွယ်ခဲ့၍ ထိုမှာဘက်ကမ်း၌ ရဟန်းသံဃာနှင့်အတူ ထင်ရှားဖြစ်တော်မူ၏။

မြတ်စွာဘုရားသည် ကမ်းတစ်ဖက်မှ ကမ်းတစ်ဖက်သို့ ကူးလိုကုန်သည်ဖြစ်၍ အချို့က လှေကို ရှာလျက်အချို့က ဖောင်ကို ရှာလျက် အချို့က ဝါးဖောင်ကို ဖွဲ့လျက် နေကုန်သော ထိုသူတို့ကို မြင်တော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''နက်ကျယ်လှစွာသောတဏှာမြစ်ကို ကူးသော အရိယာပုဂ္ဂိုလ်တို့သည် (အရိယ မဂ်) တံတားကို ဆောက်လုပ်၍ ကိလေသာညွန်ပျောင်းတို့ကို ပယ်စွန့်လျက် ကူး သွားကုန်၏။ လူအပေါင်းသည်ကားမြစ်ကို ကူးရန် ဖောင်ကို ဖွဲ့နေကြ၏။ (တဏှာ မြစ်ကို) ကူးမြောက်ပြီးသော ပညာရှိအရိယာပုဂ္ဂိုလ်တို့သည်ကား ဖောင်ကို မဖွဲ့ကြ ရတော့သည်သာတည်း''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

ဆဋ္ဌသုတ်။